ဥရောပဒေသတွင်း ဩစတြီးယားနိုင်ငံမှာ COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးမထားရသေးတဲ့ လူ ၂ သန်းခန့်ကို lockdown သတ်မှတ်ထားပြီး အိမ်မှာပဲနေစေမယ်လို့ ဆိုပါတယ်။
ဩစတြီးယားမှာ ကူးစက်မှုမြင့်တက်နေတဲ့ အခြေအနေကို ရင်ဆိုင်နေရတာကြောင့် ထိုသို့ စီမံဆောင်ရွက်လာတာလည်း ဖြစ်ပါတယ်။ "ကျွန်တော်တို့ ဒီအဆင့်ကို ပေါ့ပေါ့တန်တန် မလုပ်ခဲ့ပါဘူး၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဒီလိုလုပ်ဖို့က မလွှဲမရှောင်သာ လိုအပ်လာပါတယ်" လို့ ဩစတြီးယားအဓိပတိ Alexander Schallenberg က ပြောပါတယ်။
(Photo: OE24)
ဩစတြီးယား lockdown အစီအစဥ်အရ ကာကွယ်ဆေးမထိုးထားသူတွေဟာ အလုပ်လုပ်ရန်နဲ့ အစားအစာဝယ်ယူရန်ကဲ့သို့ ကန့်သတ်ထားတဲ့ကိစ္စတွေအတွက်သာ အိမ်ပြင်ထွက်ခွင့်ရမှာ ဖြစ်ပါတယ်။ ဩစတြီးယားရဲ့ လူဦးရေ ၆၅ ရာခိုင်နှုန်းခန့်ဟာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီးဖြစ်ရာ အနောက်ဥရောပမှာ ကာကွယ်ဆေးထိုးမှုနှုန်း အနိမ့်ဆုံး နိုင်ငံတွေအနက် ပါဝင်နေပါတယ်။
ထိုအတောအတွင်း ဩစတြီးယားမှာ ခုနစ်ရက်အတွင်း COVID-19 ကူးစက်မှုနှုန်းဟာလည်း လူ ၁၀၀,၀၀၀ လျှင် ၈၀၀ ကျော် ဖြစ်လာခဲ့ပြီး ဥရောပဒေသအတွင်း အမြင့်ဆုံး ကူးစက်မှုနှုန်းတွေထဲမှာ ပါဝင်လာပါတယ်။ လက်ရှိမှာ ဥရောပဟာ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနေရာ ဖြစ်လာနေပြီး နိုင်ငံအများအပြားက ကန့်သတ်ချက်တွေ သတ်မှတ်နေပြီး ကူးစက်မှုများ မြင့်တက်နေကြောင်း သတိပေးနေပါတယ်။
ဩစတြီးယားမှာ ကာကွယ်ဆေးမထိုးထားသူတွေကို lockdown သတ်မှတ်မှုဟာ ယနေ့ (နိုဝင်ဘာ ၁၅ ရက်) စတင်သက်ရောက်ပြီး ကနဦးအနေနဲ့ ၁၀ ရက်ကြာမယ်လို့ သိရပါတယ်။ ဩစတြီးယား lockdown အစီအစဥ်မှာ အသက် ၁၂ နှစ်အောက် ကလေးတွေနဲ့ လတ်တလော COVID-19 ကနေ ပြန်လည်သက်သာလာသူတွေ အကျုံးမဝင်ဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဩစတြီးယားရဲ့မြို့တော် ဗီယင်နာမြို့မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက အစိုးရရဲ့ lockdown အစီအစဥ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက "ငါတို့ ခန္ဓာကိုယ်၊ ငါတို့ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်" လို့ အဓိပ္ပါယ်ရတဲ့ စာတန်းများ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဩစတြီးယားမှာ ယခင်ကတည်းက ကာကွယ်ဆေးမထိုးထားသူတွေကို စားသောက်ဆိုင်များ၊ ဆံပင်ညှပ်ဆိုင်များနဲ့ ရုပ်ရှင်ရုံများကဲ့သို့ နေရာတွေကို လာရောက်ခွင့်ပိတ်ပင်ထားခဲ့ရာမှ ယခုအခါ အိမ်မှာပင်နေရမယ့် lockdown သတ်မှတ်လာခဲ့တာလည်း ဖြစ်ပါတယ်။