ဥရောပနိုင်ငံတွေအနက် တစ်နိုင်ငံလုံးကို lockdown ပြန်သတ်မှတ်ရတဲ့ ပထမဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်

COVID-19 ကူးစက်မှုလှိုင်းအသစ်ကို ရင်ဆိုင်နေရတဲ့ ဩစတြီးယားမှာ တနင်္လာနေ့ (နိုဝင်ဘာ ၂၂ ရက်) မှစပြီး တစ်နိုင်ငံလုံးကို lockdown ပြန်သတ်မှတ်ထားမယ်လို့ ဝန်ကြီးချုပ် Alexander Schallenberg က ယနေ့ (နိုဝင်ဘာ ၁၉ ရက်) ကြေညာပါတယ်။

ဩစတြီးယားဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနက် တစ်နိုင်ငံလုံးကို lockdown ပြန်သတ်မှတ်ရတဲ့ ပထမဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်။ ဩစတြီးယားအစိုးရက လာမယ့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစပြီး COVID-19 ကာကွယ်ဆေးကို မထိုးမနေရအဖြစ် သတ်မှတ်ရန် စီစဥ်နေကြောင်းလည်း သိရပါတယ်။



(Photo: Lisi Niesner / Reuters)

အကြမ်းဖျင်းအားဖြင့် ဩစတြီးယားရဲ့ လူဦးရေ ၉ သန်းနီးပါးအနက် သုံးပုံနှစ်ပုံက ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီးဖြစ်ကာ အနောက်ဥရောပဒေသတွင်း ကာကွယ်ဆေးထိုးမှုနှုန်း အနိမ့်ဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဩစတြီးယားဟာ ဥရောပဒေသတွင်း COVID-19 ကူးစက်မှုနှုန်း အမြင့်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဩစတြီးယားရဲ့ ခုနစ်ရက်အတွင်း ကူးစက်မှုနှုန်းဟာ လူဦးရေ ၁၀၀,၀၀၀ လျှင် ၉၉၁ ဦး ဖြစ်ပါတယ်။

"လနဲ့ချီကြာ စည်းရုံးမှုတွေလုပ်ခဲ့ပေမဲ့ လုံလောက်တဲ့ လူဦးရေပမာဏက ကာကွယ်ဆေးထိုးဖို့ ဆန္ဒရှိလာအောင် ဆောင်ရွက်ရာမှာ ကျွန်တော်တို့ မအောင်မြင်ခဲ့ပါဘူး"လို့ ဝန်ကြီးချုပ်က သတင်းစာရှင်လင်းပွဲမှာ ပြောခဲ့ပါတယ်။ ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တိုက်ခိုက်ခြင်းဖြစ်တယ်လို့လည်း ၎င်းက အပြစ်တင်ခဲ့ပါတယ်။

ကူးစက်မှုအသစ်တွေ တစ်ဟုန်ထိုး မြင့်တက်နေတာကြောင့် နိုဝင်ဘာ ၂၂ ရက်နေ့မှစတင်ကာ ဩစတြီးယားတစ်နိုင်ငံလုံးကို ရက် ၂၀ ကြာ lockdown သတ်မှတ်ထားမှာဖြစ်ပြီး ၁၀ ရက်ကြာပြီးနောက် ပြန်လည်သုံးသပ်သွားမယ်လို့ ဆိုပါတယ်။ Lockdown သတ်မှတ်ချက်အရ ဩစတြီးယားတစ်နိုင်ငံလုံးရှိ ပြည်သူတွေဟာ မရှိမဖြစ် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းကဲ့သို့ ခြွင်းချက်အနည်းငယ်ကလွဲပြီး နေအိမ်ပြင်ပထွက်ခွင့် မရှိပါဘူး။

(Photo: Reuters)

ဩစတြီးယားမှာ နိုဝင်ဘာ ၁၅ ရက်နေ့မှစပြီး COVID-19 ကာကွယ်ဆေးမထိုးထားတဲ့ လူဦးရေ ၂ သန်းခန့်ကို lockdown သတ်မှတ်ထားခဲ့ပြီးလည်း ဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးထားသူတွေကို lockdown သတ်မှတ်ခြင်းကလည်း ဥရောပမှာ ဩစတြီးယားက ပထမဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။ သို့သော် ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေခဲ့ပြီး ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) ထုတ်ပြန်ချက်အရ ကူးစက်မှုအသစ် ၁၅,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

လတ်တလော ရက်များအတွင်း ဩစတြီးယားမှာ ကာကွယ်ဆေးလိုအပ်ချက် မြင့်တက်နေကြောင်းနဲ့ နိုင်ငံလူဦးရေရဲ့ ၆၆ ရာခိုင်နှုန်းက ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးဖြစ်ရာ ဥရောပနိုင်ငံတွေမှာ ပျမ်းမျှ ၆၇ ရာခိုင်နှုန်းကျော်ထက် အနည်းငယ် လျော့နည်းနေပါတယ်။

ဥရောပတစ်လွှား ကူးစက်မှုတွေ မြင့်တက်နေရာ အခြား ဥရောပနိုင်ငံတွေမှာလည်း ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းကန့်သတ်ချက်တွေ တင်းကျပ်နေကြကြောင်း သိရပါတယ်။ ဩစတြီးယားနဲ့ အိမ်နီးချင်း ဟန်ဂေရီနိုင်ငံမှာ အဆောက်အအုံများအတွင်းမှာလည်း mask မဖြစ်မနေ တပ်ထားရမယ့် စည်းမျဥ်းသတ်မှတ်ချက် ထုတ်ပြန်ထားပြီး နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။

ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျာမနီမှာလည်း COVID-19 စတုတ္တလှိုင်းကို ရင်ဆိုင်နေရပြီး ကူးစက်မှုတွေ စံချိန်တင်မြင့်တက်နေရာ ကူးစက်မှုထိန်းချုပ်ရေး ရုန်းကန်နေရပါတယ်။ ဥရောပတိုက်တစ်လွှား ကူးစက်မှုများ မြင့်တက်လာနေခဲ့တာကြောင့် ဥရောပဟာ COVID-19 ကပ်ရောဂါ ဗဟိုချက်နေရာ ထပ်ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်မှာ သတိပေးထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က