ဖက်ရှင်ဆိုတာ အမျိုးသမီးတိုင်းအတွက် အရေးပါသလို ဒီနေ့ခေတ်အမျိုးသမီးတွေကလည်း ဖက်ရှင်က နေ့စဉ်ဘဝတွေမှာ ရာခိုင်နှုန်းတော်တော်များများ အရေးကြီးတဲ့ကဏ္ဍဖြစ်လာတယ်ဆိုတာကို လက်ခံလာကြပါပြီ။ ဒီလိုလက်ခံလာတာနဲ့အမျှ ကိုယ့်ရဲ့အဝတ်အစားကို ဘယ်လိုတွဲစပ်ဝတ်ဆင်ရမယ်၊ ဘယ်လိုပြင်ပြင်ဆင်ဆင် နေရမယ်၊ နောက်ဆုံးပေါ်ဒီဇိုင်းတွေက ဘာဆိုတာကို သိအောင်ကြိုးစားပြီး အဝတ်အစားကို သူ့နေရာနဲ့သူ တွဲစပ်ဝတ်ဆင်ကြတဲ့အခါ ကောင်းကျိုးတွေရှိသလို ဖက်ရှင်နဲ့ပတ်သက်ပြီး ကြုံရတဲ့အခက်အခဲတွေလည်း ရှိလာပါတယ်။ အဲဒါကဘာလဲဆိုတော့ ဖက်ရှင်ကို စိတ်ဝင်စားလေလေ ဖက်ရှင်နဲ့ပတ်သက်တဲ့ အဝတ်အစား၊ အဆင်တန်ဆာတွေကို မထပ်အောင် ဆင်မြန်းချင်လာလေလေဖြစ်တာကြောင့် အဲဒီအတွက် ကုန်ကျတဲ့ငွေကြေးဟာ အရင်ထက်နှစ်ဆနီးပါးဖြစ်လာတာပါ။
I am Fashion ဆိုတဲ့ ဖက်ရှင်နဲ့ပတ်သက်တဲ့ ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာတွေကို ရေးသားမျှဝေပေးနေသူ တစ်ဦးအနေနဲ့ရော၊ လူငယ်တွေကြုံနေရတဲ့ ဒီအခက်အခဲတွေအကြောင်း ကိုယ်စားပြောရမယ်ဆိုရင်တော့ ဖက်ရှင်ရေစီးကြောင်းဟာ မြန်မြန်စီးဆင်းနေသလို၊ ဒီဇိုင်း အသစ်အသစ်တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုပေါ်လာတာမို့ ခုခေတ်လူငယ်တွေဟာ အဝတ်အစားကို နှစ်ခါ၊ သုံးခါထက် ပိုမဝတ်ချင်ကြတော့ပါဘူး။ ဒါ့အပြင် လူမှုကွန်ယက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ ဓာတ်ပုံရိုက်တင်တဲ့အခါ ဝတ်ထားတဲ့အင်္ကျီကို နောက်တစ်ခါပြန်မဝတ်ချင်တော့တာမျိုးတွေကလည်း ဒီနေ့ခေတ် မဒီတွေ ကြုံနေရတဲ့ ပြဿနာတစ်ခုပေါ့။ အထူးသဖြင့် လူမှုကွန်ယက်ရဲ့ပရိုဖိုင်းပုံမှာ ရိုက်ဝတ်ထားတဲ့ အင်္ကျီမျိုးဆို အပြင်မှာထပ်ကို မဝတ်ချင်တော့တာပါလို့ မဒီတွေကြားအမြဲပြောသံကြားရပါတယ်။
ပွဲအခမ်းအနားတက်တဲ့အခါမှာလည်း အဲဒီပွဲအတွက် အကုန်အကျခံချုပ်လုပ်ဝတ်ဆင်ထားတဲ့ အဝတ်အစား၊ ဒါမှမဟုတ် ဝယ်ယူထားရတဲ့ အဝတ်အစားတွေဟာ တစ်ခါဝတ်ပဲဖြစ်ပြီး နောက်တစ်ခါထပ်ဝတ်ဖို့ မဖြစ်နိုင်တော့တာကြောင့် အသစ်အသစ်တွေအတွက် ငွေကုန်နေရပေမယ့် အဟောင်းတွေကတော့ ပုံလို့လာပါတယ်။
ဒီတော့ အဝတ်အစားအတွက် ငွေကြေးကုန်ကျတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။ လူတွေကိုယ့်ကို ဒါတွေပဲ ဝတ်နေတယ်ထင်မှာစိုးတာကြောင့် အဝတ်အစားတွေကို နှစ်ခါသုံးခါထက် ပိုမဝတ်ချင် ပြဿနာကိုရော ဘယ်လိုဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာပါတယ်။ အဲဒီပြဿနာတွေ ကြုံနေရတဲ့ မဒီတွေအတွက် I am Fashion ရဲ့ ဖက်ရှင်ဘလော့ကာတစ်ဦးအနေနဲ့ ဒီလိုလေးတွေ လုပ်ကြည့်ဖို့အကြံပေးချင်ပါတယ်။
(၁) အဝတ်အစားဝယ်တော့မယ်ဆိုရင် ကိုယ့်အတွက် တစ်ခါပဲဝတ်လို့ရမယ့်ဟာမျိုးလား၊ အမြဲဝတ်သွားလို့ရမယ့် အဝတ်အစားလားဆိုတာ ခွဲခြားပြီး သေချာစဉ်းစားဝယ်ပါ။ တချို့ဒီဇိုင်းတွေက တစ်ခါဝတ်လိုက်တာနဲ့ သိသာလွန်းနေတာမျိုးရှိသလို တချို့ဒီဇိုင်းတွေကျတော့ ဘယ်နှခါဝတ်ဝတ် လူတွေသတိမပြုမိနိုင်တာမျိုးတွေ ရှိပါတယ်။ ဥပမာ tee အဖြူလေးတွေ၊ အနက်လေးတွေ၊ ဒီဇိုင်းသစ်မလုပ်ထားတဲ့ ဂျင်းဘောင်းဘီမျိုးတွေ၊ ဘလောက်အင်္ကျီရှင်းရှင်းလေးတွေ စသဖြင့်ပေါ့။
(၂) တွဲစပ်တဲ့အခါ တစ်ခါဝတ်လည်း ဒီအကျီနဲ့ ဒီဘောင်းဘီချည်း တွဲတာမျိုးထက် မတွဲဖူးတဲ့ အတွဲအစပ်မျိုး ပြောင်းလဲကြည့်ပါ။ ဥပမာ ကိုယ်က အတွန့်အဖတ်ပါတဲ့ အကျီလေးကို အောက်က ဂျင်းဘောင်းဘီနဲ့ပဲ အမြဲ တွဲဝတ်တယ်ဆိုရင် နောက်တစ်ခါကျရင် Overall လေးနဲ့ ပြောင်းတွဲကြည့်တာမျိုး၊ စကတ်နဲ့ တွဲဝတ်တာမျိုးပေါ့။ ဒါကလည်း ကိုယ့်ကိုလူတွေအမြင်ပြောင်းသွားစေသလို အတွဲအစပ်ပြောင်းတာနဲ့ အရင်တစ်ခါ ဝတ်ထားဖူးတာမှန်း မသိသာတော့ပါဘူး။
(၃) အွန်လိုင်းက အလွယ်တကူ အော်ဒါလုပ်တတ်တဲ့သူဆိုရင်တစ်လကို အဝတ်အစားအတွက် ဘယ်လောက်ပဲအကုန်အကျခံမယ်ဆိုတာမျိုး စာရင်းသေချာလုပ်ပြီး ကိုယ့်ကိုယ်ကိုယ်စိတ်အလိုမလိုက်ဖို့ အမြဲသတိပေးပါ။ လျှော့စျေးနဲ့ရတယ်၊ တန်တယ်ဆိုပြီး စွတ်ဝယ်တာမျိုးတွေ မလုပ်ပါနဲ့။ ဒီတစ်လ ငါဘာလိုအပ်နေတယ်ဆိုတာကို သိအောင်လုပ်ပြီး လိုအပ်တာကိုပဲ ဝယ်ပါ။ အဲဒါကိုမှစိတ်မနိုင်ရင် Online Shop ရဲ့ page တွေကို unlike ပြုလုပ်ထားပါ။
(၄) ရှော့ပင်းမောလ်တွေ ရောက်တဲ့အခါတိုင်း အဝတ်အစားဝယ်တတ်တဲ့အကျင့်ကို ဖျောက်ပါ။ ကိုယ်နဲ့အတူ အမြဲရှိတတ်တဲ့ ချစ်သူ၊ ဒါမှမဟုတ် သူငယ်ချင်းတွေကိုလည်း ကိုယ့်အခြေအနေကို ပြောပြထားပြီး တစ်ခုခုဆို သတိပေးဖို့၊ တားဖို့ အကူအညီတောင်းပါ။ ကိုယ့်စိတ်မနိုင်တဲ့အခါ သူတို့ဝင်ပြောဖို့ ဖွင့်ဟထားလိုက်ပါ။
(၅)ဖက်ရှင်ကတစ်ပတ်လည်နေတာမို့ ကိုယ့်အိမ်က အမေတွေ၊ အစ်မတွေနဲ့ ဖက်ရှင်အမြင်၊ အိုင်ဒီယာချင်း ဖလှယ်ပြီး အဝတ်အစားလဲလှယ်ဝတ်တာမျိုးတွေက ပိုက်ဆံအကုန်အကျသက်သာဖို့အတွက်တင်မကဘဲ ကိုယ့်ဖက်ရှင်လည်း အပြောင်းအလဲလေးတွေ ဖြစ်သွားစေပါတယ်။
(၆) တစ်ပတ်ကိုတစ်ခါ ကိုယ့်အဝတ်အစားဗီရိုဖွင့်ပြီး အလွယ်တကူမဝတ်ဖြစ်တဲ့အဝတ်အစားတွေကို ပြန်ဝတ်ဖြစ်အောင် ဘယ်လိုပြောင်းလဲတွဲစပ်ကြည့်သင့်သလဲ စဉ်းစားပါ။ တကယ်လို့ လုံးဝမဝတ်ချင်တော့ဘူး၊ မဝတ်ဖြစ်တော့ဘူးထင်တယ်ဆိုရင်တော့ အဲဒီအဝတ်အစားတွေကို ဗီရိုထဲကလုံးဝဖယ်ပစ်လိုက်ပါ။
(၇) ခုချိန်မှာ အဝတ်အစားဟောင်းတွေကို အွန်လိုင်းကနေ ပြန်ရောင်းလို့ရတဲ့ အွန်လိုင်းစျေးရုံကြီးလိုနေရာမျိုးတွေလည်း ရှိနေပြီမို့ တစ်ခါဝတ်၊ နှစ်ခါဝတ်ပြီး အသစ်အတိုင်းရှိနေသေးတဲ့ အဝတ်အစားတွေကို အဲဒီကနေ ပြန်ရောင်းပြီး ငွေပြန်ထွက်အောင်လုပ်ပါ။ ရလာတဲ့ငွေနဲ့ အဝတ်အစားအသစ်ပြန်ဝယ်တာမျိုး လုပ်နိုင်တယ်လေ။
(၈) ကိုယ်ကအဝတ်အစားကို တစ်ခါ၊ နှစ်ခါပဲ ဝတ်ချင်တာဆိုရင်တော့ အင်္ကျီတစ်ထည်ကို သုံး၊လေးသောင်း အကုန်အကျခံဝယ်မယ့်အစား လေဘေးထည်တွေထဲက ကိုယ်သဘောကျတဲ့ ဒီဇိုင်းမျိုး သွားရှာပြီး ပြန်ဝတ်တာမျိုးကလည်း သိသိသာသာ အကုန်အကျသက်သာသွားပါလိမ့်မယ်။
ဒီနည်းလမ်း (၈) ခုဟာ အဝတ်အစားဝယ်ရတာနှစ်ခြိုက်တဲ့ မဒီတွေအတွက်ရော၊ အဝတ်အစားဆိုရင် တစ်ခါနှစ်ခါဝတ်ပြီး ထပ်မဝတ်ချင်တော့တဲ့ မဒီတွေအတွက်ပါ အဆင်ပြေသွားစေမယ့်နည်းလမ်းလေးတွေ ဖြစ်တာကြောင့် အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Share