ပြီးခဲ့တဲ့နွေရာသီကမှ အငှားနဲ့ ခေါ်ယူခဲ့တဲ့ကစားသမားပါ။

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က အက်သလက်တီကို မက်ဒရစ်အသင်းကနေ ဆာအူး နီဂဲလ်ကို ခေါ်ယူဖို့ အသင်းက အတင်းအကြပ် ဖိအားပေးခဲ့တာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ကွင်းလယ်ကစားသမား ဆာအူးလ်ဟာ အက်သလက်တီကို မက်ဒရစ်ကနေ အငှားနဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ပြောင်းရွှေ့လာပြီးကတည်းက ချဲလ်ဆီးအသင်းအတွက် ပါဝင်ကစားပေးတာမျိုး ရှားရှားပါးပါးဖြစ်နေခဲ့သူဖြစ်ပြီး အက်စ်တန် ဗီလာနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ခက်ခဲတဲ့ ပွဲဦးထွက် ပွဲစဉ်ဖြစ်ခဲ့ပြီးနောက် ပထမပိုင်းအပြီးမှာ လူစားလဲလှယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဆာအူးလ်ဟာ နောက်ထပ် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲကို ၈၈ မိနစ်မှ လူစားဝင်ကစားသမားအဖြစ်နဲ့သာ ပါဝင်ကစားပေးခဲ့ပြီး အခြား ပွဲထွက်ကစားခွင့်ရတဲ့ ၂ ပွဲကလည်း ကရာဘောင်းဖလားပြိုင်ပွဲမှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။



ဆာအူးလ်ရဲ့ ပါဝင်ကစားပေးနိုင်စွမ်း ကင်းမဲ့နေမှုကြောင့် အထူးသဖြင့် ကိုဗာချစ်နဲ့ ကွန်တေတို့ မကြာသေးမီက ပါဝင်ကစားပေးနိုင်ခြင်းမရှိချိန်မှာ အသင်းရဲ့ကွင်းလယ်ပိုင်းဟာ အားနည်းနေခဲ့ပြီး နည်းပြ သောမတ်စ် တူဟယ်ဟာ ဆာအူးလ်ရဲ့ အပြောင်းအရွှေ့ကို တစ်စုံတယောက်က တွန်းအားပေးခဲ့လို့ လုပ်ဆောင်ခဲ့တာလားလို့ မေးခွန်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

"အသင်းရဲ့ခေါ်ယူမှုလားဆိုတော့ မဟုတ်ပါဘူး။ ဟင့်အင်း၊ ကျွန်တော်တို့ အဲဒီလို မလုပ်ပါဘူး။ အခုအချိန်ထိ ကျွန်တော်တို့ အသင်းရဲ့ ခေါ်ယူမှု၊ နည်းပြရဲ့ခေါ်ယူမှုဆိုတာမျိုး မလုပ်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ခေါ်ယူမှုပဲ လုပ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အတူတူ ဆုံးဖြတ်ခဲ့ကြလို့ပါ။ အဲဒါက ကောင်းမွန်တဲ့ ရွေးချယ်မှုနဲ့ အသင်းလူစာရင်းအတွက် ကောင်းမွန်တဲ့ဖြည့်စွက်မှုဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ခဲ့လို့ပါ။ ဒီအတိုင်း အတိအကျပါပဲ"

"ကျွန်တော် ထင်တာက ကစားသမားတိုင်းဟာ အသားကျဖို့အတွက် အချိန်လိုပြီး ဆာအူးလ်က အချိန်ပေးဖို့ လိုပါတယ်။ သူက ကွင်းလယ်မှာ အရမ်းအရည်အသွေးမြင့်မားတဲ့ကစားသမားတွေအများကြီးနဲ့ ယှဉ်ပြိုင်နေရတာပါ။ ကျွန်တော်တို့ သူ့ကို နည်းနည်း ပိုကောင်းကောင်း နားလည်ပေးနိုင်ဖို့ လိုပါတယ်။ ဘာသာစကားနဲ့ပတ်သက်ပြီးမဟုတ်ပါဘူး။ သူ့ရဲ့ စစ်မှန်တဲ့အားသာချက်က ဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပါ။ ကစားသမားရဲ့ စရိုက်လက္ခဏာ၊ သူ ဘာတွေ လူစာရင်းထဲကို ထပ်ပေါင်းပေးနိုင်မလဲ၊ ဘယ်နေရာက သူ့ရဲ့ သူမတူတဲ့ အရည်အသွေးဖြစ်ကောင်းဖြစ်နိုင်မလဲဆိုတာ စဉ်းစားရပြီး အဲဒါက မလွယ်ကူပါဘူး"

"ကျွန်တော့်အထင် သူ အက်သလက်တီကို မက်ဒရစ်ထက် တခြားအသင်းအတွက် ကစားပေးရတာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါလိမ့်မယ်။ သူ အက်သလက်တီကို မက်ဒရစ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ကျွန်တော်တို့ စပိန်နဲ့ ဒီက ပွဲကစားဟန်ဟာ အရမ်းကွာခြားတယ်ဆိုတာကို လက်ခံရပါလိမ့်မယ်။ အဲဒါက အားလုံးအနေနဲ့ အသားကျဖို့ အချိန်လိုတယ်ဆိုတာ ကျွန်တော်တို့ကို သင်ခန်းစာပေးခဲ့ပြီး စရောက်တဲ့နေ့ကတည်းက ရက်တွေ အများကြီးကြာလာတဲ့အချိန်မှာ သူ ပိုပြီး သန်မာလာပါပြီ။ သူ နည်းနည်းပိုပြီး စိတ်အေးလက်အေးဖြစ်လာနေပြီလို့ ကျွန်တော် ခံစားရပြီး တစ်ချိန်တည်းမှာ အဲဒါက သူ့ရဲ့ အရည်အသွေးကို ထုတ်ပြဖို့အတွက် သူ့ကို နည်းနည်းပိုပြီး လွတ်လပ်မှုပေးနေပါတယ်။ သူက ပင်နယ်တီဧရိယာထဲကို ရောက်ရင် အဆုံးသတ်ပိုင်းမှာ အရမ်းအားကောင်းပါတယ်"

"အခုအချိန် ကွင်းလယ်မှာ ဒဏ်ရာရ ကစားသမားတွေ ရှိနေပြီး ဂျော်ဂျင်ညိုတောင် မနက်ဖြန်အတွက် မသေချာပါဘူး။ ဒါက သူ(ဆာအူးလ်)အဆင်သင့်ဖြစ်နေရမယ့် အခိုက်အတန့်ဖြစ်ပြီး သူ အဆင့်သင့်ဖြစ်နေပြီး သူ ပြသချင်တာတွေ ပြသနိုင်နေပြီဆိုတဲ့ ခံစားချက်မျိုး ကျွန်တော့်မှာ ရှိနေပါတယ်"လို့ တူဟယ်က ပြောကြားသွားခဲ့ပါတယ်။

Share

က္က