ပီအက်စ်ဂျီမှာ အဆင်မပြေဖြစ်နေတဲ့ အမ်ဘာပေက သူ့ကို လာမယ့် ဘောလုံးရာသီမှာ အသင်းက ပွဲကစားခွင့်မပေးဘဲ အရန်ခုံထိုင်ခိုင်းခဲ့မယ်ဆိုရင် ဒါကို လက်ခံမှာဖြစ်ပြီး လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ စီစဥ်ထားတယ်လို့ သိရှိရပါတယ်။ အဆိုပါ ပြင်သစ် လက်ရွေးစင် ကစားသမားဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။
သူ့ရဲ့ စာချုပ်မှာ နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့် ပါရှိပေမယ့် ကစားသမားကိုယ်တိုင်က ဒီတစ်နှစ်သက်တမ်းတိုးခွင့်ကို အသက်သွင်းတော့မှာ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။ အဲ့ဒါကြောင့်လည်း အမ်ဘာပေအနေနဲ့ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။
ပီအက်စ်ဂျီဘက်ကတော့ ဒါကို လက်ခံမှာ မဟုတ်ဘဲ အမ်ဘာပေကို စာချုပ်သက်တမ်းတိုးရင်တိုး ဒါမှမဟုတ် လက်ရှိနွေရာသီမှာတင် ရောင်းထုတ်ဖို့ ပြင်ဆင်ထားပါတယ်။ အမ်ဘာပေအတွက် ပီအက်စ်ဂျီဘက်က ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀၀) နဲ့ အပိုဆုကြေး ယူရိုသန်း (၅၀) သတ်မှတ်ထားပြီး ရီးရဲလ်မက်ဒရစ်ကတော့ လာမယ့်နွေမှာ အလွတ်နဲ့ရနိုင်မယ့် အမ်ဘာပေကို ဒီလိုမျိုး ပြောင်းရွှေ့ကြေး အသုံးပြု ခေါ်ယူဖို့ စိတ်ကူးမရှိပါဘူး။
ပီအက်စ်ဂျီဘက်ကတော့ အမ်ဘာပေကို ရွေးချယ်စရာ နှစ်ခုပေးထားသည့်တိုင် ကစားသမားဘက်ကတော့ ဒါကို လက်ခံသွားဖို့ စိတ်ကူးမရှိကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။ တကယ်လို့သာ အမ်ဘာပေအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းမတိုးဖြစ်ဘဲ လာမယ့်ရာသီ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင် ပီအက်စ်ဂျီတို့ အမ်ဘာပေကို ပွဲကစားခွင့် မပေးဘဲ အရန်ခုံထိုင်ခိုင်းဖွယ်ရှိပါတယ်။
အမ်ဘာပေကတော့ ပီအက်စ်ဂျီတို့ သူ့ကို အရန်ခုံထိုင်ခိုင်းခဲ့မယ်ဆိုရင်တောင် စာချုပ်သက်တမ်းတိုးဖို့ စိတ်ကူးမရှိဘဲ ကျေကျေနပ်နပ်ကြီး ထိုင်နေလိမ့်မယ်လို့ ဂျာနယ်လစ် ဒန်နီယဲယ်ရီအိုလိုက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေနဲ့အသင်းအကြား လက်ရှိအခြေအနေက အဆင်ပြေဖို့ မရှိဘဲ ပီအက်စ်ဂျီအနေနဲ့ တစ်ခုတည်းသော လုပ်နိုင်တဲ့အရာက အမ်ဘာပေကို လာမယ့်ရာသီမှာ တစ်ရာသီလုံး အရန်ခုံထိုင်ခိုင်းဖို့သာ ရှိကြောင်း ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။