လက်ရှိ ဘယ်လ်ဂျီယံကလပ် ရွိုင်ရယ်အန့်တ်ဝပ်မှာ ကစားနေတဲ့ အသက် (၃၄) နှစ်အရွယ် ကွင်းလယ်လူ နိုင်ဂိုလန်ဟာ အရန်ခုံတန်းမှာ Vape သောက်သုံးနေခဲ့တာကြောင့် အကန့်အသတ်မရှိ ပွဲပယ်ခံလိုက်ရကြောင်း သိရှိရပါတယ်။ နိုင်ဂိုလန်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အင်တာမီလန်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အခုလိုပဲ ဘယ်လ်ဂျီယံမြေကို ပြောင်းရွှေ့သွားခဲ့တာပါ။
ဒါပေမယ့် ဘယ်လ်ဂျီယံမှာတော့ နိုင်ဂိုလန်တယောက် ဆက်တိုက် ပြဿနာရှာနေပြီး အခုနောက်ဆုံးမှာတော့ အရန်ခုံတန်းမှာ ဆေးလိပ်သောက်နေခဲ့တာကြောင့် အသင်းကပါ အကန့်အသတ်မရှိ ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ နိုင်ဂိုလန်ဟာ ပြီးခဲ့တဲ့အပတ်ကလည်း ယာဥ်မောင်းလိုင်စင် သက်တမ်းကုန်နေပါလျက်နဲ့ ကားတက်မောင်းခဲ့တာကြောင့် အဖမ်းခံခဲ့ရပါသေးတယ်။
အခု နောက်ဆုံး စတန်းဒတ်လီဂီနဲ့ ကစားခဲ့တဲ့ပွဲမှာ နိုင်ဂိုလန်က အရန်ခုံတန်းမှာရှိနေပေမယ့် ခပ်တည်တည်နဲ့ ဆေးလိပ်သောက်ပြခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်က ဘောလုံးလောကအတွက် လက်မခံနိုင်စရာလုပ်ရပ်အဖြစ် ဝေဖန်ခံနေရပါတယ်။ နိုင်ဂိုလန်ဟာ ဆေးလိပ်အငွေ့တွေကို ဘေးနားမှာရှိတဲ့ အသင်းဖော်ဘက်က လှည့်ကာ မှုတ်ထုတ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ဒီလိုမျိုး လုပ်ရပ်ကြောင့်လည်း အသင်းဘက်က နိုင်ဂိုလန်ကို အသင်းအပေါ် ဆိုးရွားတဲ့ပုံရိပ် သက်ရောက်စေမှုနဲ့ အကန့်အသတ်မရှိ ပွဲပယ်လိုက်ကြောင်း အသင်းပိုင် ဝက်ဘ်ဆိုက်ကတဆင့် တရားဝင်ကြေညာခဲ့ပါတယ်။ နိုင်ဂိုလန်ဟာ အရင်တည်းက ဆေးလိပ်သောက်လေ့ရှိသူတယောက်ဖြစ်ပြီး ဘောလုံးသမားတွေကို ဆေးလိပ်သောက်ခွင့်ပေးသင့်ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာမှာတုန်းက ဖွင့်ဟခဲ့ဖူးပါတယ်။
ပီအက်စ်ဂျီကွင်းလယ်လူ ဗာရက်တီကလည်း ကွင်းပြင်ပမှာ ဆေးလိပ်သောက်လေ့ရှိပြီး သူ့ရဲ့ အပြုအမူအပေါ် ဝေဖန်မှုတွေရှိနေပေမယ့် ဂရုမစိုက်ခဲ့ပါဘူး။ ဒါပေမယ့် ဗာရက်တီကတော့ ကွင်းပြင်ပမှာသာ ရံဖန်ရံခါ သောက်သုံးနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး နိုင်ဂိုလန်ကတော့ ဘောလုံးကွင်းထဲက အရန်ခုံတန်းမှာတင် Vape သောက်သုံးခဲ့တာက လက်မခံနိုင်စရာဖြစ်ခဲ့ရပါတယ်။