ချဲလ်ဆီးတို့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ရှုံးပွဲတွေ့ခဲ့တာပါ။

ဒီရာသီမှာ ရုန်းကန်နေရတဲ့ ချဲလ်ဆီးကတော့ ချန်ပီယံလိဂ်အဖွင့် အဝေးကွင်းမှာ သူတို့ထက် အများကြီး အင်အားနည်းတဲ့ ဒိုင်နမိုဇာဂရက်ကို ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက တိုက်စစ်မှူးသစ် အူဘာမီးယန်း ပွဲထွက်လာခဲ့ပေမယ့် ထိရောက်တဲ့ကစားပုံကို ပြသနိုင်ခြင်းမရှိဘဲ အဝေးကွင်းမှာ ရလဒ်ဆိုးနေတဲ့ အစဥ်အလာကို မချိုးဖျက်နိုင်ခဲ့ပါဘူး။



ဒီပွဲမှာ ချဲလ်ဆီးက နောက်တန်းမှာ သီယာဂိုဆေးလ်ဗားမပါတာကလွဲရင် ဖိုဖာနာ၊ အက်ဇ်ပီလီကွီတာ၊ ကူလီဘလီတို့ ပွဲထွက်ခဲ့ပြီး ရီစီဂျိမ်းစ်၊ မေဆင်မောင့်၊ ကိုဗာဆစ်၊ စတာလင်၊ ဟာဗက်ဇ်တို့နဲ့ လူစုံခဲ့ပါတယ်။ ဒါ့အပြင် ဂိုးသမားနေရာမှာလည်း မန်ဒီအစား ကီပါကို အသုံးပြုခဲ့ပါတယ်။ ဒိုင်နမိုဇာဂရက်ကတော့ ခံစစ်ကိုပဲ အပြည့်အဝအာရုံစိုက်ပြီး ကစားရင်း တန်ပြန်တိုက်စစ်ကနေ မထင်မှတ်ဘဲ တလုံးတည်းသော အနိုင်ဂိုးရရှိခဲ့ပါတယ်။

ချဲလ်ဆီးဘောလုံးပျက်တာနဲ့ ဒိုင်နမိုဇာဂရက် နောက်တန်းကနေ ကန်တင်လိုက်တဲ့ဘောလုံး၊ ကွင်းလယ်စည်းကနေ ခေါင်းတိုက်ချပေးလိုက်တဲ့ ဖန်တီးမှုအားလုံးက ပြီးပြည့်စုံခဲ့ပြီး အော်ဆစ်က ကွင်းလယ်ကနေ တောက်လျှောက်ဆွဲပြေး ကန်သွင်းခဲ့ပါတယ်။ အူဘာမီးယန်း အခွင့်အရေး နှစ်ကြိမ်လောက်ရခဲ့ပေမယ့် တိုက်ရိုက်မကန်ဘဲ ဖန်တီးပေးဖို့ကိုပဲ ဝေ့နေခဲ့တာကြောင့်လည်း အပိုင်အခွင့်အရေးတွေက ထိရောက်မှုမရှိခဲ့ပါဘူး။

ဒုတိယပိုင်းမှာ ချဲလ်ဆီးက ဇီယက်ချ်၊ ဂျော်ဂျင်ဟို၊ ဘရိုဂျာ၊ ကူကူရယ်လာ၊ ပူလီဆစ်တို့ လူစားဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် ဖိထားတာပဲရှိပြီး အသင်းရဲ့ ကစားပုံက ချေပဂိုးတဂိုးပြန်ရဖို့ကိုတောင် ယုံကြည်ချက်မရှိသလိုဖြစ်နေပါတယ်။ ဒါက ဒီပွဲမှ မဟုတ်ဘဲ လိဒ်စ်၊ ဆောက်သမ်တန်တို့ကို ရှုံးခဲ့တဲ့အဝေးကွင်းပွဲတွေမှာလည်း ဒီလိုပုံစံမျိုးတွေ မြင်တွေ့ခဲ့ပါတယ်။

ချဲလ်ဆီးတို့ ဒီရာသီမှာ အဝေးကွင်းနိုင်ပွဲအဖြစ် ရာသီအဖွင့် အဲဗာတန်နဲ့ တပွဲတည်းသာ နိုင်ထားပြီး တူဟယ်လ်အတွက်တော့ ဒီအချက်က စိုးရိမ်စရာပါ။ အထူးသဖြင့် အသင်းရဲ့ ယုံကြည်ချက်က အဝေးကွင်းမှာဆို တော်တော်လေး ဆိုးရွားနေပြီး ကစားပုံအားဖြင့်လည်း အိမ်ကွင်း၊ အဝေးကွင်းမရွေး အားရစရာမရှိသေးပါဘူး။ 

Share

Loading Next Article...
က္က