ဘာကာ၊ နယူးကာဆယ်တို့နဲ့ အရေးကြီးပွဲတွေကို ဒီတပတ်ထဲ ကစားရမှာပါ။

ဒီတပတ်ထဲမှာပဲ ဘာစီလိုနာ၊ နယူးကာဆယ်ယူနိုက်တက်တို့နဲ့ ကစားရမယ့် အရေးကြီးပွဲစဉ်တွေအတွက် မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဂျ်ဟာ အဆိုပါပွဲတွေမတိုင်ခင်မှာ ယူနိုက်တက်ဂန္ထဝင်နည်းပြကြီးဆာအဲလက်စ်ဖာဂူဆန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ချက်ရှိုင်းယားက စားသောက်ဆိုင်တခုမှာ သူတို့နှစ်ဦးတည်းကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဖာဂီဆီက အကြံဉာဏ်တွေကို တန်ဟက်ဂျ်က ရယူနေပုံရတယ်လို့ ယူဆရပါတယ်။ 

တနင်္လာနေ့ညမှာ သူတို့က အီတလီစားသောက်ဆိုင်တခုဖြစ်တဲ့ Cibo မှာ တွေ့ဆုံခဲ့တယ်လို့ Daily Mail က ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ပြခဲ့ပါတယ်။ ဆာအဲလက်စ်ကတော့ အခုနောက်ပိုင်းမှာ ယူနိုက်တက်အသင်းပွဲစဉ်တွေကို ဆက်တိုက်အားပေးနေပြီး အသင်းဟောင်းရဲ့ ကစားဟန်၊ နိုင်ပွဲတွေကြောင့် တော်တော်လေးကို စိတ်ကျေနပ်ပီတိဖြစ်နေကာ တန်ဟက်ဂျ်ကိုလည်း အထင်ကြီးလေးစားမှုတွေရှိနေခဲ့သူဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ ဘာစီလိုနာနဲ့ ယူရိုပါလိဂ်ပလေးအော့ဒုတိယအကျော့၊ နယူးကာဆယ်ယူနိုက်တက်နဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲတွေကို ကစားရဖို့ရှိနေကာ တန်ဟက်ဂျ်အတွက်တော့ အရေးပါတဲ့ ဖလားပွဲနှစ်ပွဲကို ကစားရတော့မှာပါ။ နယူးကာဆယ်ကို အနိုင်ရခဲ့ရင်တော့ ယူနိုက်တက်ဟာ ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားတလုံး ဆွတ်ခူးမှာဖြစ်ပြီး သူ့အတွက်လည်း ယူနိုက်တက်နည်းပြဘ၀ ပထမဆုံးဆုဖလားဖြစ်လာမှာပါ။ 

ဒီအတွက်ကြောင့် သူက ဆာအဲလက်စ်ဖာဂူဆန်နဲ့ တွေ့ဆုံကာ လာမယ့်ပွဲတွေအတွက် ထင်မြင်သုံးသပ်ချက်၊ အကြံဉာဏ်တွေကို ရယူခဲ့တယ်လို့ အားလုံးက ယူဆနေကြပြီး ရိုးရိုးတွေ့ဆုံကာ စားသောက်ပွဲမဟုတ်ဘူးလို့ ခန့်မှန်းနေကြပါတယ်။ တန်ဟက်ဂျ်ကလည်း သူ့ရဲ့အသင်းဟာ ဖာဂီလက်ထက် အတိတ်က ယူနိုက်တက်အသင်းရဲ့ နာမည်ကျော် စိတ်ဓာတ်ပိုင်းက ပြန်လည်တိုးတက်နေတယ်လို့ ယုံကြည်နေကြောင်း Daily Mail က ဆိုပါတယ်။ 

အခုလို တွေ့ဆုံမှုကနေ တန်ဟက်ဂျ်က အသင်းကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ ဆာအဲလက်စ်နောက်ပိုင်း ယူနိုက်တက်နည်းပြအဆက်ဆက်ဟာလည်း ဆာအဲလက်စ်ဆီက အကြံဉာဏ်ပေးမှုတွေကို ရယူလေ့ရှိခဲ့ကြပါတယ်။ 


Share

Loading Next Article...
က္က