မဖြစ်မနေအနိုင်ရဖို့ လိုအပ်နေတဲ့ပွဲမှာ ဒဏ်ရာကြောင့် စောစောစီးစီး လူစားလဲခံခဲ့ရတာပါ။

ပေါ်တိုနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲမစခင်မှာ အက်သလက်တီကိုက အုပ်စုအတွင်းမှာ အောက်ဆုံးနေရာရောက်နေပါတယ်။ ပေါ်တိုကို အဝေးကွင်းမှာ သေချာပေါက်အနိုင်ရမှသာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ တဖက်မှာ အေစီမီလန်က အုပ်စုအတွင်း အမှတ်မလိုတော့တဲ့ လီဗာပူးလ်ကို အနိုင်ရသွားခဲ့မယ်ဆိုရင် နောက်တဆင့်ကို တက်ရောက်နိုင်ချေရှိနေသေးလို့လည်း ဖြစ်ပါတယ်။ 



ဒီပွဲမှာ အသင်းရဲ့အဓိကတိုက်စစ်မှူးဆွာရက်ဇ်ကို ဆီမြွန်နီက ပွဲထုတ်ခဲ့ပေမယ့်လည်း ပွဲစပြီး ၁၃ မိနစ်အကြာမှာပဲ ဆွာရက်ဇ်တယောက် ဒဏ်ရာရရှိသွားပြီး လူစားလဲလှယ်ခဲ့ရပါတယ်။ မျှော်လင့်မထားတဲ့ အခြေအနေတရပ်ကို ရင်ဆိုင်လိုက်ရတာဖြစ်ပြီး လူစားလဲခံလိုက်ရတဲ့ ဆွာရက်ဇ်ဟာ အရန်ခုံတန်းမှာ ရှိုက်ကြီးတငင်နဲ့ ငိုကြွေးခဲ့ပြီး သူ့ဒဏ်ရာအတွက် ဝမ်းနည်းနေခဲ့ရပါတယ်။

နိုင်ပွဲလိုအပ်နေတဲ့အချိန်မှာ အသင်းကို ကူညီပေးဖို့ စိတ်အားထက်သန်နေခဲ့တဲ့ ဆွာရက်ဇ်ကို မြင်တွေ့ရတာက အက်သလက်တီကိုပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ အသင်းကို ရောက်ရှိတာ တစ်ရာသီကျော်ပဲရှိနေသေးပေမယ့် ပရော်ဖက်ရှင်နယ်ပီသစွာနဲ့ ကူညီကစားပေးချင်တဲ့ စိတ်ဓာတ်ကို မြင်တွေ့ခဲ့ရတယ်လို့လည်း ပရိသတ်တွေက မှတ်ချက်ပြုသွားခဲ့ကြပါတယ်။ 

ဆွာရက်ဇ် ဆက်မကစားနိုင်ခဲ့ပေမယ့် အက်သလက်တီကိုဟာ ပေါ်တိုကို ၃-၁ နဲ့ အနိုင်ကစားနိုင်ခဲ့ပြီး အုပ်စုဒုတိယနေရာနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အေဂျက်ဇ်၊ လီဗာပူးလ်နဲ့ ဘာစီလိုနာကစားသမားဘ၀မှာလည်း စိတ်အားထက်သန်မှုအပြည့်နဲ့ ကစားလေ့ရှိတဲ့ ဟန်ပန်ကြောင့် ပရိသတ်အကြိုက်ဖြစ်ခဲ့ရတဲ့ ဆွာရက်ဇ်က အက်သလက်တီကိုပရိသတ်တွေရဲ့ နှလုံးသားကိုလည်း သိမ်းပိုက်သွားခဲ့ပြီဖြစ်ပါတယ်။ 


အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွာရက်ဇ်ဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲကစားပေးထားပြီး ၈ ဂိုးအထိ သွင်းယူပေးထားပါတယ်။ 

Share

က္က