ဖူလ်ဟမ်ရဲ့ ကွင်းလယ်လူ ပါရဲရားက သူ့မှာ ကာကာနဲ့ တွေ့ဆုံခဲ့တုန်းက ကာကာဆီမှ ရရှိခဲ့တဲ့ ဘောင်းဘီတိုကို အခုချိန်အထိ သိမ်းဆည်းထားပြီး အရေးကြီးပွဲတွေမတိုင်ခင်မှာ ထုတ်ယူအသုံးပြုကြောင်း ပြောကြားလာပါတယ်။ ပါရဲရားဟာ ယူနိုက်တက် ကစားသမားဟောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။
အဆိုပါဘရာဇီးသားဟာ ဘရာဇီးဂန္တဝင်တစ်ယောက်ဖြစ်တဲ့ ကာကာနဲ့ ချန်ပီယံလိဂ်ပွဲတစ်ပွဲမှာ ဆုံခဲ့ဖူးပြီး အဲ့ဒီအချိန်တုန်းက ပါရဲရားက ဘောကောက်တစ်ယောက်အဖြစ် ကွင်းထဲမှာ ရှိနေခဲ့တာပါ။ ကာကာက ရီးရဲလ်မက်ဒရစ်မှာ ကစားနေပြီး ချန်ပီယံလိဂ်ပွဲအဖြစ် ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ လာရောက် ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ပါရဲရားက “အဲ့ဒီအချိန်တုန်းက ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ ကျွန်တော်က ဘောကောက်တစ်ယောက်အဖြစ် ဆောင်ရွက်ခဲ့ရတာပါ။ ဖာဂူဆန်က ယူ-၂၁ နဲ့ ယူ-၁၈ ကစားသမားတွေကို အဲ့ဒီပွဲအတွက် ဘောကောက်လုပ်ပေးဖို့ ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ပွဲကို မြန်မြန်ဆန်ဆန် ပြန်စချင်တဲ့ အကြောင်းတွေလည်း ပါတာပေါ့”
“ပွဲပြီးသွားတော့ ကျွန်တော် ကာကာကို စောင့်ပြီး တွေ့ဆုံခဲ့ပါတယ်။ သူ့ဂျာစီကို တောင်းဆိုခဲ့ပေမယ့် သူက လဲပေးပြီးသွားလို့ ပြောတော့ ကျွန်တော်လည်း ခြေအိတ်ပဲဖြစ်ဖြစ်၊ ဘောင်းဘီပဲဖြစ်ဖြစ် တစ်ခုခုပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူက သူ့မှာ ဘောင်းဘီတစ်ထည်ရှိတယ်ပြောပါတယ်”
“ကျွန်တော်ကလည်း အဲ့ဒါပဲ ယူမယ်ပြောခဲ့ပါတယ်။ ကာကာက ကျွန်တော့်ကို အဲ့ဒီဘောင်းဘီပေးခဲ့ပြီး ဒါက တကယ်ကို အံ့အားသင့်စရာပါပဲ။ အဲ့ဒီဘောင်းဘီက ဒီနေ့ဒီအချိန်အထိ ကျွန်တော်နဲ့ ရှိနေဆဲပါ။ အရေးကြီးတဲ့ပွဲတွေမတိုင်ခင်မှာဆိုရင် ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေဖို့အတွက် အဲ့ဒီဘောင်းဘီကို ထုတ်ပြီး ကျွန်တော့်ခြေထောက်တွေကို ပွတ်ပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။