ယူရိုခြေစစ်ပွဲတွေစတင်ချိန် အဖွင့်ပွဲမှာပဲ အီတလီတို့ အင်္ဂလန်ကို အရေးနိမ့်ခဲ့ရပါတယ်။ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒါဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ အီတလီအတွက်တော့ စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။ အထူးသဖြင့် အသင်းမှာ ဒေါင်ဒေါင်မြည်ကစားသမားတွေ ရှားပါးနေပြီး အတွေ့အကြုံနည်းပါးတဲ့ ကစားသမားတွေ များပြားနေကာ တိုက်စစ်ပိုင်းမှာလည်း အားကိုးရမယ့်သူ မရှိဘူးဖြစ်နေခဲ့ပါတယ်။
ဒီအချိန်မှာပဲ အီတလီတိုက်စစ်မှူးဟောင်း ဘာလော့တယ်လီက သူ့ရဲ့ အင်စတာဂရမ်ကတဆင့် အီတလီနည်းပြမန်စီနီကို ရည်ရွယ်ကာ သတင်းစကားပေးပို့သွားခဲ့ပါတယ်။ အီတလီအတွက် သူ ကစားပေးဖို့ အသင့်ပဲလို့ ဘာလော့တယ်လီက ပြောဆိုခဲ့ပြီး လိုအပ်ရင် သူ့ကိုခေါ်ယူဖို့ တိုက်တွန်းခဲ့တာပါ။ အီတလီတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်တုန်းကလည်း ဘာလော့တယ်လီက သူ ဝင်ကန်ခွင့်ရခဲ့ရင် ဂိုးသွင်းပေးနိုင်ခဲ့မှာလို့ ကြိတ်မနိုင်ခဲမရပြောခဲ့ဖူးပါတယ်။
မန်စီနီဟာ ဝါရင့်တိုက်စစ်မှူးအင်မိုဘီလီကိုလည်း ချန်လှပ်ထားခဲ့ပြီး သူ့အသင်းတိုက်စစ်ပိုင်းမှာ ပယ်လီဂရီနီ၊ ရီတီဂွီ၊ ပိုလီတန်နို၊ ဂျီနွန်တို၊ ဆကာမာကာ၊ ဘာရာဒီ၊ ဂရီဖို၊ ပါဖန်ဒီတို့လို မထင်မရှားကစားသမားတွေသာ ရှိနေခဲ့တာပါ။ ဒါကြောင့် အရေးကြုံလာချိန်မှာ အသင်းအတွက် ဂိုးသွင်းပေးနိုင်မယ့် တိုက်စစ်မှူးနည်းပါးနေတာလည်းဖြစ်ပါတယ်။
ဘာလော့တယ်လီက "အီတလီမှာ တိုက်စစ်မှူးတွေရှိပါတယ်၊ သူတို့တွေ ကြံ့ခိုင်မှုလည်း ပြည့်၀နေတာပါ၊ ကျနော့်ကို ယုံကြည်ပါ" လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဘာလော့တယ်လီကတော့ အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အီတလီအတွက် ၃၆ ပွဲကစားပေးပြီး ၁၄ ဂိုးသွင်းယူထားခဲ့ပါတယ်။ လက်ရှိမှာတော့ သူက ဆွစ်ဇာလန်ကလပ် စီယွန်မှာကစားနေပြီး ၁၅ ပွဲမှာ ၅ ဂိုးသွင်းယူပေးထားပါတယ်။
ဘာလော့တယ်လီကတော့ အီတလီအတွက် ၂၀၁၈ မှာ နောက်ဆုံးကစားပေးခဲ့ပြီး လက်ရွေးစင်အသင်းနဲ့ ကင်းကွာနေတာ ၄ နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။