အသက် (၆၅)နှစ်အထက်ရှိတဲ့ သက်ကြီးရွယ်အိုတွေဟာ ကိုယ်လက် လှုပ်ရှားမှုနှေးကွေးလာသလိုရုတ်တရက်အလွယ်တကူ ထသွားထလာနိုင်ဖို့ခဲယဉ်းလှပါတယ်။
ပဋိပက္ခကာလအတွင်း အရေးပေါ်အခြေအနေမျိုးမှာ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးဟာ သာမန်အချိန်ထက်ပိုမိုဂရုစိုက်ဖို့လိုပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ လှုပ်ရှားမှုနှေးကွေးလာသလို အကြားအမြင်အာရုံတွေလျော့ကျလာပြီး နာတာရှည်ရောဂါတွေလည်း ခံစားနိုင်ခြေများတာနဲ့အတူ အရေးပေါ်အခြေအနေတွေမှာလည်း ကိုယ့်လုံခြုံရေးအတွက် လိုအပ်တဲ့ကာကွယ်မှုတွေပြုလုပ်ရန်အခက်အခဲတွေရှိပါတယ်။ ကိုယ်တိုင်လုပ်ဆောင်နိုင်ဖို့ ခက်ခဲတဲ့ အသက်အရွယ်ဖြစ်တဲ့အတွက် အတူနေမိသားစုက မိမိနေအိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေအတွက် အရေးပေါ်အခြေအနေတွေကြုံလာတဲ့အခါမှာ ဘေးကင်းလုံခြုံစေဖို့အတွက် ကြိုတင်ပြင်မှုမျိုးတွေတော့ လုပ်ဆောင်ထားသင့်ပါတယ်။
Photo: Healthline
ပဋိပက္ခကာလအတွင်း သက်ကြီးရွယ်အိုတွေအတွက် ပြင်ဆင်ထားသင့်တဲ့အချက်များ
အရေးကြီးဆုံးအနေနဲ့ နေ့စဉ်သောက်နေကြဆေးတွေကို ကြိုတင်စုဆောင်းထားပြီး လိုအပ်မယ့်ဆေးဝါးတွေလည်း ကြိုတင်ဝယ်ယူထားပါ။ မြို့ပြအထပ်မြင့်တိုက်ခန်းတွေမှာ နေထိုင်ကြတဲ့ သက်ကြီးရွယ်အိုတွေဟာအရေးပေါ်အခြေအနေနဲ့ကြုံလာတဲ့အခါမျိုးမှာ ပိုပြီးအခက်တွေ့နိုင်ပါတယ်။ လွယ်ကူစွာပြေးလွှားနိုင်ခြင်းမရှိတဲ့အတွက် အရေးပေါ်အခြေအနေဖြစ်လာမှ ကြုံတွေ့ရတဲ့ အခက်အခဲထက်စာရင် မဖြစ်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားပါ။ ကိုယ်နေထိုင်တဲ့နေရာ နဲ့ ဖြစ်လာနိုင်တဲ့အခြေအနေတွေပေါ်မူတည်ပြီး ပြင်ဆင်မှုတွေပြုလုပ်ထားသင့်ပါတယ်။ နေရာဒေသပေါ်မူတည်ပြီး အန္တရာယ်ရှိတဲ့အခြေအနေမျိုးမှာဆိုရင် ကြိုတင်ရွေ့ပြောင်းနေထိုင်တာက အဆင်ပြေနိုင်သလို လက်ရှိမိမိနေထိုင်တဲ့ နေရာမှာပဲ အရေးပေါ်အခြေအနေကျမှ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်မယ်ဆိုရင်လည်း ပြင်ဆင်မှုတွေတော့လုပ်ထားသင့်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးတွေကို လုပ်မယ်ဆိုရင်တော့ အတူနေထိုင်သက်ကြီးရွယ်အိုတွေရဲ့ လှုပ်ရှားနိုင်မှုပေါ်မူတည်ပြီး လုပ်ဆောင်သွားရမှာပါ။ နေအိမ်အတွင်းမှာ ဆက်လက်နေထိုင်လို့ အဆင်ပြေနိုင်သေးတယ်ဆိုရင် မိမိနေအိမ်အတွင်းမှာ လုံခြုံတဲ့နေရာတစ်ခုသီးသန့်ပြင်ဆင်ပေးထားဖို့လိုပါတယ်။ မဖြစ်မနေ မိမိနေအိမ်ကနေစွန့်ခွါရတော့မယ်ဆိုရင်တော့ ကိုယ်လက်မလှုပ်ရှားနိုင်တဲ့သက်ကြီးရွယ်အိုတွေကို ပုခတ်၊ထိုင်ခုံတွေနဲ့တင်ပြီး အလွယ်တကူထမ်းပြေးကယ်ဆယ်နိုင်အောင်ကြိုတင်ဇာတ်တိုက်လေ့ကျင့်ထားပါ။ ကြိုတင်လေ့ကျင့်ထားတဲ့အတွက် အရေးကြုံလာတဲ့အခါ လွယ်ကူအဆင်ပြေချော့မွေ့စေမှာပါ။
Photo: Fenix
စိတ်ပိုင်းဆိုင်ရာအတွက် ပြင်ဆင်မှု
စိတ်ပိုင်းဆိုင်ရာအတွက် ပြင်ဆင်တဲ့အခါမှာ အဓိကရုပ်ပိုင်းဆိုင်ရာ ခိုင်မာမှုကလည်းအရေးကြီးပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းကျန်းမာမာရှိနေရင်တော့ စိတ်ပိုင်းထိခိုက်မှုမှာ သက်ရောက်မှုနည်းစေပါတယ်။ ဒါကြောင့် အဓိက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အရင်ဂရုစိုက်ဖို့လိုပါတယ်။ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာခိုင်မာမှုရှိဖို့အတွက်ကတော့ သက်ကြီးရွယ်အိုတွေတင်မက လူလတ်ပိုင်းလူငယ်တွေအားလုံးဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေစားသုံးပေးသင့်ပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေအပြင် သက်ကြီးရွယ်အိုတွေကိုလုံလောက်တဲ့ အနားယူမှုနဲ့ အပန်းဖြေစေနိုင်တဲ့ နည်းလမ်းလေးတွေကို ပြုလုပ်ပေးသင့်ပါတယ်။ တစ်ယောက်တည်းပစ်ထားတာမျိုးမဟုတ်ဘဲ မိသားစုနဲ့ နွေးနွေးထွေးထွေးနေထိုင်ပေးပါ။ မိသားစုရဲ့ နွေးထွေးစွာဆက်ဆံမှုကလည်း ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာကိုပါအထောက်အကူဖြစ်စေမှာပါ။ အရေးပေါ်အခြေအနေကြုံလာတဲ့အခါမျိုးမှာဆိုရင်တောင် စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ခံနိုင်ရည်ရှိနိုင်ပါတယ်။
Photo: wisegeek
ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှု
မိမိအိမ်က လုံခြုံမှုရှိရင်တော့ အလုံခြုံဆုံးလို့ သတ်မှတ်ထားတဲ့နေရာမှာ သက်ကြီးရွယ်အိုတွေကို အစားအသောက်၊ဆေးဝါးတွေနဲ့အတူ ထားရှိထားပါ။ အိမ်သားတွေကလည်း အနီးပတ်ဝန်းကျင်မှာ လုံလုံခြုံခြုံနေရမယ့် နေရာလေးတွေကို ကြိုတင်သတ်မှတ်ထားပါ။ မိမိအိမ်က လုံခြုံမှုမရှိတဲ့ အခြေအနေမျိုးမှာဆိုရင်တော့ အရေးပေါ်အခြေအနေမှာ သက်ကြီးရွယ်အိုတွေ လုံခြုံတဲ့နေရာကိုရောက်ရှိဖို့အတွက် လမ်းကြောင်းနဲ့ လူအင်အားအသုံးပြုရွေ့ပြောင်းဖို့အတွက်ကိုလည်း ဆက်တိုက်လေ့ကျင့်မှုတွေနဲ့အတူ ကြိုဆင်ပြင်ဆင်ထားပါ။ ရွေ့ပြောင်းပြေးလွှားရင်း လူစုကွဲသွားခဲ့ရင်လည်း စုရပ်မှာ ပြန်တွေ့နိုင်ဖို့အတွက်ကို နေရာတစ်ခုသတ်မှတ်ထားဖို့လိုပါတယ်။
ပဋိပက္ခကာလအတွင်း အရေးပေါ်အခြေအနေမျိုးမှာ ကျန်းမာရေးလိုအပ်ချက်တွေကို မဖြစ်မနေပြင်ဆင်ထားပါ။ မိမိနေအိမ်မှာ သက်ကြီးရွယ်အို၊ကလေးတွေနဲ့ နာတာရှည်ရောဂါသမားတွေရှိနေရင်တော့ အထူးဂရုစိုက်သင့်ပါတယ်။ ခေတ်ကာလအနေအထားအရ ဖြစ်လာနိုင်တဲ့ အရာတွေကို ကြိုတွေးထားပြီး ဖြစ်လာတဲ့အခါမျိုးမှာ လုံခြုံဘေးကင်းစေဖို့ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ ဒီလိုအချိန်မှာ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့လိုအပ်တာကြောင့် သင့်တော်တဲ့ စားသောက်မှုပုံစံမျိုးတွေနဲ့ နေထိုင်ပါ။ သက်ကြီးရွယ်အိုတွေတင်မက လူလတ်ပိုင်း လူငယ်ပိုင်းတွေအနေနဲ့ပါ ဂရုပြုနေထိုင်စားသောက်ပါ။ ပဋိပက္ခအတွင်းကြိုတင်ပြင်ဆင်တဲ့အခါမှာလည်း ကိုယ်နေထိုင်တဲ့နေရာပတ်ဝန်းကျင်ရဲ့ အန္တရာယ်ကိုကြည့်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဇာတ်တိုက်လေ့ကျင့်မှုတွေနဲ့အတူပြင်ဆင်ထားပါ။ အခုလို ကြိုတင်ဆက်တိုက်လေ့ကျင့်ထားမှုတွေကြောင့် အရေးကြုံလာတဲ့အခါမျိုးမှာ အန္တရာယ်ကိုကျော်ဖြတ်နိုင်ဖို့ များစွာအထောက်အကူဖြစ်စေမှာပါလို့ အထွေထွေအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုပြောကြားထားပါတယ်။
သတင်းဆောင်းပါးပါအချက်အလက်များကို အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။