ပဋိပက္ခကာလအတွင်းမှာ အဓိကအနေနဲ့ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေကို ကြိုတင်စုဆောင်းထားပါ။

ပဋိပက္ခတွေကြား အရေးပေါ်ကာလအတွင်းမှာ စားဝတ်နေရေးအပြင် ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်ထားမှုကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုပါ။

Photo: TurboSquid

သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါသမားတွေအပြင် ရုတ်တရက် ထိခိုက်ဒဏ်ရာရရှိတဲ့အခါမျိုးမှာလည်း ဒဏ်ရာကို လွယ်လင့်တကူ ကုသနိုင်ဖို့ ဆေးဝါးတွေကို အဆင်သင့်ဆောင်ထားသင့်ပါတယ်။ ယခုလိုကပ်ရောဂါနဲ့ ပဋိပက္ခကာလအတွင်းမှာ ဆေးဝါးတွေကို လိုအပ်မှ အရေးပေါ်ဝယ်ယူတာထက် ကြိုတင်ဝယ်ယူစုဆောင်းထားခြင်းက များစွာအထောက်အကူဖြစ်စေမှာပါ။

Photo: SPY

ဘာတွေပြင်ဆင်ထားသင့်လဲ

ပဋိပက္ခကာလအတွင်းမှာ အဓိကအနေနဲ့ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေကို ကြိုတင်စုဆောင်းထားပါ။ ကပ်ရောဂါကာလလည်းဖြစ်တဲ့ အတွက် ရောဂါကာကွယ်ရေးပစ္စည်းတွေကလည်း မဖြစ်မနေလိုအပ်ပါတယ်။ နိုင်ငံရေးပဋိပက္ခကာလဖြစ်တဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် အိမ်ကနေ မဖြစ်မနေထွက်ခွါရတဲ့အချိန်မျိုးရှိလာနိုင်တဲ့အခါမျိုးမှာ မဖြစ်မနေဆောင်ထားသင့်တဲ့ ဆေးဝါးတွေကို အပါယူဆောင်သွားပါ။ အလွယ်ယူဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ဆေးဝါးတွေကိုလည်း အဆင်သင့်ထုတ်ပိုးထားသင့်ပါတယ်။ Mask ၊ Hand Sanitizer ၊ အရက်ပျံ၊ ပတ်တီး၊ ဂွမ်း နဲ့ ကိုယ်သောက်နေကြဆေးတွေအပြင် တခြားလိုအပ်တဲ့ဆေးတွေကိုပါ ပြင်ဆင်ထားပါ။ ဒါ့အပြင် လွယ်လင့်တကူစားသုံးလို့ရမယ် အစားအစာတွေကိုလည်း ပြင်ဆင်ထားသင့်ပါတယ်။

Photo: Coremark

သက်ကြီးရွယ်အို၊နာတာရှည်သမားတွေအတွက် ပြင်ဆင်မှု

အိပ်ရာထဲလဲနေတဲ့ လူနာမျိုးမဟုတ်ဘဲ ရေရှည်ဆေးဝါးသောက်သုံးနေရတဲ့ နာတာရှည်ရောဂါသမားတွေအတွက်ကတော့ ကိုယ်သောက်နေကြဆေးတွေကို ပြတ်လပ်မှုမရှိအောင် ကြိုတင်ဝယ်ယူစုဆောင်းထားပါ။ ပုံမှန်အချိန်လို ဆေးကုန်မှ ဆေးဆိုင်သွားဝယ်ရနိုင်တဲ့ ကာလမျိုးမဟုတ်တဲ့အတွက် ကြိုဝယ်ထားဖို့လိုပါတယ်။ ဒီကာလမှာ ဆေးဝါးတွေကအစ ဝယ်ယူရတာအခက်အခဲကာလဖြစ်တဲ့အတွက် လိုအပ်တဲ့အချိန်ဆေးဝါးမရရှိတဲ့အခါ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာမျိုးတွေ ရင်ဆိုင်လာရနိုင်ပါတယ်။ ဒါ့ကြောင့် ပုံမှန်ကိုယ်မဖြစ်မနေသောက်ရမယ့် ဆေးဝါးမျိုးတွေကို အနည်းဆုံး နှစ်လစာလောက် ကြိုတင်စုဆောင်းထားပါ။ သက်ကြီးရွယ်အိုတွေအတွက်ကတော့ ဆေးဝါးတွေအပြင် ရုတ်တရက်ဖြစ်ပေါ်လာတဲ့အခြေအနေမျိုးတွေမှာ ထိန့်လန့်မှုမျိုးမရှိအောင် ကြိုတင်ပြောပြထားတာမျိုးတွေပြုလုပ်ပေးပါ။ လက်ရှိအခြေအနေအကြောင်းအရာတွေနဲ့ ထိတ်လန့်စရာအသံမျိုးတွေကြားရတဲ့အချိန်မျိုးမှာ မကြောက်လန့်ဖို့ကို ကလေးတွေနည်းအတူ ပြောပြထားဖို့လိုပါတယ်။

Photo: Emergency First Aid

ထိခိုက်ဒဏ်ရာအတွက် အရေးပေါ်ကုသနည်း

ဒီကာလမှာ ဆေးရုံဆေးခန်းသွားဖို့ မလွယ်ကူတာကြောင့် ရုတ်တရက် ထိခိုက်ဒဏ်ရာရတဲ့အခါမျိုးမှာ ဒဏ်ရာသက်သာအောင် အရေးပေါ်ကုသနည်းနဲ့သာဆောင်ရွက်ပါ။ တော်ရုံတန်ရုံထိခိုက်ဒဏ်ရာတွေကိုတော့ ဆေးခန်းသွားပြစရာ မလိုဘဲ ကိုယ့်ဘာသာကုသလို့ရနိုင်ပါတယ်။ သေချာ စနစ်တကျကုသရင် အနာကျက်မြန်ပြီး ရောဂါပိုးလည်းမဝင်ပါဘူး။ အရင်ဆုံး အနာကို သွေးတိတ်အောင် သန့်ရှင်းတဲ့အဝတ် (သို့မဟုတ်) ပတ်တီး၊ဂွမ်းတို့နဲ့ ဖိထားပါ။ အခုလိုဖိထားပေးခြင်းက ဒဏ်ရာကိုသွေးထွက်နည်းစေပါတယ်။ အဲဒီနောက် ဒဏ်ရာကိုဆေးကြောပြီး ပိုးသတ်ဆေးထည့်ပါ။ ဘီတာဒိုင်းလိုပိုးသတ်ဆေးမျိုးထည့်ပြီး အနာကို ပတ်တီးနဲ့သေချာစည်းပေးထားဖို့လိုပါတယ်။ အနာကျက်သည်အထိ တစ်နေ့ကို (၂)ကြိမ်လောက်ပြုလုပ်ပေးပါ။ ဒီနည်းလမ်းက သာမန်ထိခိုက်ဒဏ်ရာမျိုးအတွက်သာဖြစ်ပြီး ပြင်းထန်ဒဏ်ရာမျိုးဆိုရင်တော့ ဆေးရုံဆေးခန်းသွားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ပဋိပက္ခကာလအတွင်း အရေးပေါ်အခြေအနေမျိုးမှာ ကျန်းမာရေးလိုအပ်ချက်တွေကို မဖြစ်မနေပြင်ဆင်ထားပါ။ မိမိနေအိမ်မှာ သက်ကြီးရွယ်အို၊ကလေးတွေနဲ့ နာတာရှည်ရောဂါသမားတွေရှိနေရင်တော့ အထူးဂရုစိုက်သင့်ပါတယ်။ ခေတ်ကာလအနေအထားအရ ဖြစ်လေ့ရှိတဲ့ အရာတွေကို ကြိုတွေးထားပြီး ဖြစ်လာတဲ့အခါမျိုးမှာ အဆင်သင့်အနေအထားမျိုးဖြစ်နေဖို့လိုပါတယ်။ ဒီလိုအချိန်မှာ အစားအသောက် ဆေးဝါးတွေအပြင် ကြုံတွေ့လာရနိုင်တဲ့ အသက်အန္တရာယ်အတွက်ကိုလည်း အရေးပေါ်အသက်ကယ်နည်းတွေအတိုင်း ကုသပေးဖို့လိုအပ်တာကြောင့် အရေးပေါ်ကုသနည်းတွေကိုလည်း ကိုယ်တက်နိုင်သလောက် လေ့လာထားဖို့လိုတယ်လို့ ဒေါက်တာ စိမ့်စမ်းဖြူက အကြံပြုပြောကြားထားပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များကို ဒေါက်တာစိမ့်စမ်းဖြူကအကြံပြုမျှဝေထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က