အခြားပွဲစဉ်ဖြစ်တဲ့ လက်စတာနဲ့ ဆောက်သမ်တန်တို့ပွဲစဉ်မှာလည်း အလားတူ ဖြစ်ပွားခဲ့တာပါ။

ချဲလ်ဆီးနဲ့ ဝက်ဖို့ဒ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ပွဲစဉ်အတွင်း ပရိသတ်တစ်ဦးဟာ နှလုံးရပ်သွားခဲ့ပြီးနောက် ၃၂ မိနစ်ကြာ ပွဲကစားတာကို ရပ်နားခဲ့ရပါတယ်။

ဂရေဟမ် တေလာပွဲကြည့်စင်က ပရိသတ်တစ်ဦးဟာ ဆေးကုသမှု အရေးပေါ် ခံယူနေရတာကြောင့် ပွဲကစားချိန် ၉ မိနစ်မှာပဲ ကွင်းလယ်ဒိုင် ဒေးဗစ် ကုထ်က ၂ ဖက်အသင်းကစားသမားတွေအားလုံးကို ကွင်းအတွင်းကနေ ထွက်ခွာစေခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် တော်တော်ကြာကြာ ဆိုင်းငံ့ထားပြီးနောက် ဝက်ဖို့ဒ်အသင်းက အရေးပေါ်ကုသမှု ခံယူခဲ့ရတဲ့ပရိသတ်ဟာ အခြေအနေတည်ငြိမ်သွားပြီဖြစ်တာကြောင့် ဆေးဝန်ထမ်းတွေရဲ့ ဆေးရုံကို ပို့ဆောင်ပေးခြင်း ခံခဲ့ရပြီဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။



ဝက်ဖို့ဒ်နဲ့ ချဲလ်ဆီးတို့ ၂ သင်းစလုံးရဲ့ ဆေးအဖွဲ့တွေဟာ ဆေးကုသမှု ခံယူဖို့ လိုအပ်နေတဲ့ ပရိသတ်ကို သွားရောက်အကူအညီပေးခဲ့ကြတယ်လို့ ယုံကြည်ရပြီး ထွက်ပေါ်လာတဲ့ ဓာတ်ပုံထဲမှာ မားကို့စ် အလွန်ဆိုက ပရိသတ်လူအုပ်ကြားထဲမှာ ဆေးကုသမှု ခံယူဖို့ လိုအပ်နေတဲ့ ပရိသတ်က ဘယ်သူဘယ်ဝါဆိုတာ သိရှိနိုင်အောင် ဆေးအဖွဲ့တွေကို အကူအညီပေးနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ချဲလ်ဆီးနဲ့ ဝက်ဖို့ဒ်တို့ဟာ ပရိသတ်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး အာမခံချက် တစ်စုံတရာမရမချင်း ပွဲကို ဆက်လက်ကစားချင်တဲ့ဆန္ဒမရှိခဲ့ကြဘဲ ဆေးကုသမှုခံယူခဲ့ရတဲ့ ပရိသတ်ကို အနီးအနားက ဆေးရုံကို ပို့ဆောင်ပြီးတဲ့အချိန်မှသာ ကွင်းထဲကို ပြန်လည်ဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

"ကျွန်တော်တို့ရဲ့ အတွေးတွေဟာ နှလုံးရပ်သွားခဲ့ပေမယ့် လက်ရှိမှာ အခြေအနေ တည်ငြိမ်သွားပြီဖြစ်တဲ့ ပရိသတ်နဲ့ အကျိုးသက်ရောက်မှု ပေးခဲ့တဲ့သူအားလုံးနဲ့အတူ ရှိနေပါတယ်။ ဆေးဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ လျင်မြန်တဲ့ တုံ့ပြန်မှုအတွက် ကျေးဇူးတင်ပါတယ်"လို့ ဝက်ဖို့ဒ်အသင်းက ၎င်းတို့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

"ချဲလ်ဆီးဘောလုံးအသင်းမှာရှိနေတဲ့ အားလုံးရဲ့အတွေးတွေက အရေးပေါ်ဆေးကုသမှုခံယူခဲ့ရတဲ့ ပရိသတ်နဲ့ ပါဝင်ကူညီခဲ့ကြသူတွေအားလုံးနဲ့အတူ ရှိနေပါတယ်။ ဗစ်ကရာ့ဂျ် ရုဒ်က ဆေးဝန်ထမ်းတွေရဲ့ လျင်မြန်တဲ့ တုံ့ပြန်မှုအတွက် ကျွန်တော်တို့ ကျေးဇူးတင်ရှိပါတယ်"လို့ ချဲလ်ဆီးအသင်းကလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ညမှာပဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားပွဲစဉ်ဖြစ်တဲ့ လက်စတာနဲ့ ဆောက်သမ်တန်တို့ ပွဲစဉ်ကလည်း ကွင်းအတွင်း ပရိသတ်တစ်ဦး အရေးပေါ် ဆေးကုသမှု ခံယူဖို့ လိုအပ်ခဲ့ပြီးနောက် ၁၅ မိနစ်ကြာ ပွဲကို ဆိုင်းငံ့ခဲ့ရပါတယ်။

ဆေးအကူတွေဟာ ပထမပိုင်းပွဲကစားချိန်အတွင်း ပရိသတ်ကို အရေးပေါ် ပြုစုကုသခဲ့ပြီးနောက် ထမ်းစင်နဲ့ ကွင်းအတွင်းကနေ ခေါ်ဆောင်သွားခဲ့ပြီးမှ ပွဲစဉ်ကို ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။

Share

က္က