ပိုလန်အာဏာပိုင်တွေက နယ်စပ်ကို ချိုးဖျက်ဝင်ရောက်မယ့်သူတွေနဲ့ နောက်ထပ် ထိပ်တိုက်တွေ့မှုအတွက် အသင့်ပြင်ထားပါတယ်

ပိုလန်နိုင်ငံနဲ့ ထိစပ်နေတဲ့ ဘီလာရုစ်နိုင်ငံ နယ်စပ်အနီးမှာ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေက တစ်ညလုံး အေးခဲနေတဲ့ ရာသီဥတုအခြေအနေနဲ့အတူ စခန်းချနေထိုင်လျက်ရှိပြီး နယ်စပ်အတားအဆီးကို ချိုးဖျက်ဝင်ရောက်ရန် ကြိုးပမ်းကြမယ့်သူတွေနဲ့ နောက်ထပ် ထိပ်တိုက်တွေ့မှုအတွက် ပိုလန်အာဏာပိုင်တွေက ယနေ့ (နိုဝင်ဘာ ၉ ရက်) အသင့်ပြင်ဆင်ထားပါတယ်။

(ပိုလန်-ဘီလာရုစ် နယ်စပ်မှ ရွှေ့ပြောင်းနေထိုင်သူများ) (Photo: Reuters)

ယမန်နေ့ (နိုဝင်ဘာ ၈ ရက်) မှာ ရွှေ့ပြောင်းနေထိုင်သူတွေ ထောင်နဲ့ချီပြီး ပိုလန်နယ်စပ်အနီး ရောက်ရှိလာခဲ့ကြပြီး သစ်လုံးများ၊ ဂေါ်ပြားများနဲ့ အခြားပစ္စည်းများသုံးပြီး နယ်စပ်ခြံစည်းရိုးကို ဖျက်ဆီးရန်ကြိုးပမ်းခဲ့ရာ တစ်လကြာနေပြီဖြစ်တဲ့ အကျပ်အတည်းဟာ ပိုမိုအရှိန်မြှင့်တက်လာခဲ့ပါတယ်။



ပိုလန်-ဘီလာရုစ် နယ်စပ်မှ ရွှေ့ပြောင်းနေထိုင်သူအရေး အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဘီလာရုစ်နိုင်ငံကို အနောက်အုပ်စု အရေးယူပိတ်ဆို့မှုတွေ ပိုမိုတင်းကျပ်ရန် တောင်းဆိုမှုတွေရှိလာခဲ့ပါတယ်။ ဘီလာရုစ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ၎င်းတို့နိုင်ငံအပေါ် အရေးယူပိတ်ဆို့ခဲ့တဲ့ ဥရောပသမဂ္ဂကို လက်စားချေမှုအဖြစ် အရှေ့အလယ်ပိုင်း၊ အာဖဂန်နစ္စတန်နဲ့ အာဖရိကမှ ရွှေ့ပြောင်းနေထိုင်သူတွေကို နယ်စပ်ဖြတ်ကျော်ပြီး ဥရောပသို့ ဝင်ရောက်ကြရန် အားပေးခဲ့ကြောင်း ပိုလန်နဲ့ အခြား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက စွပ်စွဲထားပါတယ်။ 

(နယ်စပ်မှာ ယာယီစခန်းချနေကြသည့် ရွှေ့ပြောင်းနေထိုင်သူများ) (Photo: Reuters)

"ဘီလာရုစ်အစိုးရက ပိုလန်နယ်စပ်၊ ဥရောပသမဂ္ဂကို တစ်မူထူးခြားတဲ့ပုံစံတစ်မျိုးနဲ့ တိုက်ခိုက်နေတယ်" လို့ ပိုလန်သမ္မတ Andrzej Duda က ဝါဆောမြို့မှာ သတင်းစာရှင်လင်းပွဲအတွင်း ပြောခဲ့ပါတယ်။ "ဘီလာရုစ်ဘက်က ဝင်ခွင့်မပြုဘဲ ပိတ်ဆို့ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ယာယီစခန်းတစ်ခုရှိနေပါတယ်၊ အဲဒီစခန်းမှာ လူ ၁,၀၀၀ လောက်ရှိနေပြီး အများစုက ငယ်ရွယ်တဲ့အမျိုးသားတွေပါ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ကျွန်တော်တို့ရဲ့ တာဝန်တွေကို ဖြည့်ဆည်းပေးမှုအနေနဲ့ ကျွန်တော်တို့ တွန်းလှန်ရမယ့် ရန်လိုကျူးကျော်မှု လုပ်ရပ်တွေရှိပါတယ်" လို့ ၎င်းကဆိုပါတယ်။

ဘီလာရုစ် လုံခြုံရေးအရာရှိတွေက နယ်စပ်မှာ နောက်ထပ် အခြေအနေ မတည်ငြိမ်အောင်လုပ်နေဆောင်ဖို့ လေထဲသို့ သေနတ်ပစ်ဖောက်ပြီး အန္တရာယ်ရှိတဲ့ ဖြစ်ရပ်တွေဖန်တီးနေတယ်" လို့ ပိုလန်နိုင်ငံရဲ့ အထူးတာဝန်များဆိုင်ရာ ပြောခွင့်ရအမျိုးသား Stanislaw Zaryn က ပြောဆိုခဲ့ပါတယ်။

(နယ်စပ်ခြံစည်းရိုးအနီးတွေ့ရသည့် ရွှေ့ပြောင်းနေထိုင်သူတစ်ဦးနှင့် ပိုလန်စစ်သားများ) (Photo: Reuters)



"နယ်စပ်အတားအဆီးတွေကို ဖျက်ဆီးဖို့ ဘီလာရုစ်အာဏာပိုင်တွေက ရွှေ့ပြောင်းနေထိုင်သူတွေကို ကူညီနေတာလည်း ကျွန်တော်တို့ သိထားပါတယ်၊ နန်းကြိုးတွေဖြတ်ဖို့ ခြံစည်းရိုးကိုဖျက်ဖို့ ကိရိယာတွေ ဘယ်လို ယူလာပေးတာကို ကျွန်တော်တို့ တွေ့မြင်ရပါတယ်" လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။

ရုရှားနိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ ဘီလာရုစ်သမ္မတ Alexander Lukashenko ရဲ့ အစိုးရကတော့ ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်းကို ဖြစ်စေခဲ့ခြင်းအပေါ် ငြင်းဆိုထားပြီး ဥရောပသမဂ္ဂနဲ့ အမေရိကန်ကြောင့် နယ်စပ်မှာ သောင်တင်နေတဲ့ လူတွေကို ဒုက္ခဖြစ်ခဲ့ရကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki က ယနေ့ အစောပိုင်းမှာ နယ်စပ်ကို လာရောက်ကြည့်ရှုခဲ့ပြီး နောက်ထပ် ထောင်နဲ့ချီတဲ့ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ နယ်ခြားစောင့်တပ်ဖွဲ့များ ဖြန့်ကျက်ချထားရန် ထောက်ခံကြောင်း ပြသခဲ့ပါတယ်။ လက်ရှိမှာ နယ်စပ်ခြံစည်းရိုးရဲ့ ဘီလာရုစ်ဘက်မှာ လူ ၈၀၀ ခန့် စခန်းချနေထိုင်လျက်ရှိကြောင်း နယ်ခြားစောင့်တပ်ဖွဲ့က Reuters သတင်းဌာနကို ပြောပါတယ်။

(နယ်စပ်ရှိ တပ်ဖွဲ့ဝင်များနှင့် လာရောက်တွေ့ဆုံသည့် ပိုလန်ဝန်ကြီးချုပ်) (Photo: Getty Images)

ပိုလန် အထူးတာဝန်များဆိုင်ရာဌာနရဲ့ အဆိုအရ ဘီလာရုစ်ပိုင်နက်ထဲမှာ ရွှေ့ပြောင်းနေထိုင်သူ ၁၂,၀၀၀ အထိ ရှိနေနိုင်ကြောင်းလည်း သိရပါတယ်။ ပိုလန်အာဏာပိုင်တွေက ဘီလာရုစ်နဲ့ တရားဝင် နယ်စပ်ဝင်ထွက်ပေါက်ကို ယနေ့ မနက် ၆ နာရီမှာ ပိတ်လိုက်ပါတယ်။ ပိုလန်က ထုတ်ပြန်မှုအရ ၎င်းတို့ပိုင်နက်ထဲမှာ ယနေ့အထိ ရွှေ့ပြောင်းနေထိုင်သူ ၇ ဦး သေဆုံးနေတာ တွေ့ရကြောင်းနဲ့ ဘီလာရုစ်ဘက်မှာ ထိုထက်ပိုများတဲ့ သေဆုံးမှုတွေရှိကြောင်း သတင်းတွေထွက်နေပါတယ်။

ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက ပိုလန်နိုင်ငံဟာ နယ်စပ်မှာ နောက်ထပ် တပ်ဖွဲ့ဝင်များ ထပ်ဖြည့်ခြင်းက နှစ်နိုင်ငံသဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်းနဲ့ ပိုလန်အနေနဲ့ အပြုသဘောဆောင်တဲ့ ဖြေရှင်းမှုတွေကို စိတ်မဝင်စားခဲ့ကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံနယ်စပ်နေရာမှ ရွှေ့ပြောင်းနေထိုင်သူများ အကျပ်အတည်က ပိုလန်နဲ့ ဘီလာရုစ်ကြား ဆက်ဆံရေးတင်းမာမှုတွေဆီ ဦးတည်လာနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က