အင်ဒိုက ၂၀၆၀ မှာ ကျောက်မီးသွေးသုံး စွမ်းအင်ထုတ်လုပ်မှုကို ရပ်တန့်ကာ ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိရန် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်

အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်တဲ့ ၁၄၅ မီဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ရေပေါ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းကို စတင်နေပြီဖြစ်ပါတယ်။

အင်ဒိုနီးရှားအစိုးရပိုင် Perusahaan Listrik Negara (PLN) နဲ့ ယူအေအီးနိုင်ငံမှ Masdar စွမ်းအင်ကုမ္ပဏီတို့ ဩဂုတ်လဆန်းပိုင်းမှာ စီမံကိန်းအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ သဘောတူညီမှုရခဲ့ကြတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားက ၂၀၂၅ ခုနှစ်မှာ နိုင်ငံရဲ့ စွမ်းအင် ၂၃ ရာခိုင်နှုန်းကို ပြန်လည်ပြည်ဖြိုးမြဲ ရင်းမြစ်များထံမှ ထုတ်ယူသုံးစွဲနိုင်ရန် ရည်မှန်းထားပြီး ၂၀၆၀ ခုနှစ်မှာ ကျောက်မီးသွေးသုံး စွမ်းအင်ထုတ်လုပ်မှုကို ရပ်တန့်ကာ ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိရန် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။



"ဒီ စီမံကိန်းအတွက် ငွေကြေးအထောက်အပံ့ သေချာပြီဆိုတော့ တည်ဆောက်ရေးလုပ်ငန်းကို ကျွန်တော်တို့ ချက်ချင်း စတင်နိုင်ပါပြီ" လို့ PLN အမှုဆောင်အရာရှိချုပ် Zulkifli Zaini က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။ အနောက်ဂျာဗားမှာ PLN နဲ့ Masdar တို့ ပူးပေါင်းတည်ဆောက်တဲ့ Cirata နေရောင်ခြည်စွမ်းအင်သုံး ရေပေါ် လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ အရှေ့တောင်အာရှရှိ ထိုအမျိုးအစား ဓာတ်အားပေးစက်ရုံတွေအနက် အကြီးဆုံးဖြစ်မယ်လို့ ယူဆရပါတယ်။

(ဗီယက်နမ်နိုင်ငံမှ Gia Hoet 1 ဓာတ်အားပေးစက်ရုံ ဆိုလာပြားများ) (Photo: ABB)

အင်ဒိုနီးရှားရဲ့ Cirata နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို လာမယ့် ၂၀၂၂ ခုနှစ်မှာ စီးပွားဖြစ်လုပ်ငန်း စတင်ရန်စီစဥ်ထားပါတယ်။ လက်ရှိမှာ အင်ဒိုနီးရှား စွမ်းအင်လိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်းဟာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများမှဖြစ်ပြီး ထိုစက်ရုံများကို တဖြည်းဖြည်းချင်း ပိတ်သိမ်းသွားမယ်လို့ PLN က ပြောပါတယ်။ နိုင်ငံရဲ့ အလားအလာရှိတဲ့ ပြည်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ၄၁၇ ဂီဂါဝပ်ရဲ့ ထက်ဝက်ခန့်ကို နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေကနေ ရရှိနိုင်မယ်လို့ ဆိုပါတယ်။

"PLN ကို နေရောင်ခြည်အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်တွေကို အသုံးချဖို့ ကျွန်တော်တို့ တိုက်တွန်းထားပြီး အင်ဒိုနီးရှားရဲ့ အနာဂတ် နေရောင်ခြည်စွမ်းအင်သုံး ရေပေါ် ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရေး စဥ်းစားနေပါတယ်" လို့ စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိ Dadan Kusdiana က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ရေကန် သို့မဟုတ် ရေလှောင်တမံ ၃၇၅ ခုရှိပြီး PLN က ထိုနေရာတွေမှာ ၂၈ ဂီဂါဝပ် ထုတ်လုပ်ပေးနိုင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး ရေပေါ် ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်နိုင်တယ်လို့လည်း ၎င်းကဆိုပါတယ်။

Source: Reuters

Share

Loading Next Article...
က္က