အရှေ့့တောင်အာရှ တလွှား ခရီးသွားဖို့ စိတ်ဝင်စားနေကြတဲ့သူတွေအတွက် ဘယ်လိုနေရာတွေက အလည်အပတ်သွားလို့ အကောင်းဆုံးနေရာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ပုဂံ
ပုဂံဆိုတာကတော့ အံ့ဩဖွယ်ရာသမိုင်းနောက်ခံတွေ ၊ ရင်သက်ရှုမောဖွယ်ရာ မြင်ကွင်းတွေနဲ့ ချစ်ခင်ပျူငှာတတ်တဲ့ မြန်မာတို့ရဲ့နှလုံးသားတွေ ပေါင်းစည်းရာမြို့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာထွန်းကားရာ အစလည်းဖြစ်ပြီး ဘုရားစေတီပုထိုးပေါင်း ၂၂၀၀ ကျော်အထိ တည်ရှိတဲ့ အံ့သြဖွယ်ရာနေရာပါ။ ဆန်းကြယ်လှတဲ့ ဗိသုကာလက်ရာတွေဟာဆိုရင် ယနေ့ခေတ်အချိန်အထိ ပညာရှင်တွေကို မေးခွန်းတွေထုတ်နေဆဲပါပဲ. ကမ္ဘာ့ရဲ့ဘယ်နေရာနဲ့မှ မတူဘဲ လက်ညှိုးထိုးမလွဲစေတီပုထိုးတွေရှိနေတဲ့ နေရာကို အပေါ်စီးကနေ မိုးပျံပူဖောင်းတွေစီးရင်း တွေ့မြင်နိုင်တာကလည်း ပုဂံရဲ့ထူးခြားချက်ပါ။ UNSCO ရဲ့ အမွေအနှစ်စာရင်းဝင်လည်းဖြစ်တဲ့ ပုဂံဒေသကို နှစ်စဉ် နိုင်ငံခြားခရီးသွားပေါင်းများစွာ လာရောက်လျက်ရှိပါတော့တယ်။
ချင်းမိုင်
ထိုင်းနိုင်ငံမြောက်ပိုင်းက ရတနာတစ်ပါးလို့ခေါ်ဆိုနိုင်ပြီး မြန်မာနိုင်ငံနဲ့လည်းအလှမ်းမဝေးတဲ့ ချင်းမိုင်မြို့ဟာလည်း အရှေ့တောင်အာရှရဲ့ လည်ပတ်ချင်စရာအကောင်းဆုံးမြို့တွေထဲကတစ်မြို့ပါပဲ။ ဘန်ကောက်မြို့ရဲ့ လူနေထူထပ်ရာ မြို့ပြကနေရုန်းထွက်ပြီး စိတ်ငြိမ်အေးချမ်းရာနေရာကို လိုက်လံရှာဖွေနေတဲ့ ခရီးသွားတွေအဖို့ ချင်းမိုင်မြို့ရဲ့အလှက ဆွဲဆောင်လျက်ရှိပါတယ်။ လေးထောင့်ဆန်ဆန်သမိုင်းဝင်ဘုန်းကြီးကျောင်းတွေ၊ မြို့ကိုကာရံထားတဲ့ ဝောာင်ကုန်းတောင်တန်းကြီးတွေနဲ့ ထိုင်းနိုင်ငံရဲ့ အထွတ်အမြတ်ထားရာ ဆင်ကြီးတွေဟာ ချင်းမိုင်မြို့ရဲ့ပြယုဒ်တွေပါ။ ချင်းမိုင်ကိုသွားရောက်လည်ပတ်မယ်ဆိုရင်တော့ တိမ်တွေ၊ တောင်တွေ နှင့်အတူ အေးချမ်လှတဲ့ သဘာဝတရားစစ်စစ်ကို ထိတွေ့ခံစားနိုင်မှာပဲဖြစ်ပါတယ်။
ဘာလီကျွန်း
အင်ဒိုနီးရှားနိုင်ငံရဲ့ ဘာလီကမ်းခြေဟာ ဆိုရင် ခရီးသွားတွေကြားမှာ နာမည်အကြီးဆုံးနဲ့ သွားရောက်လည်ပတ်မှု အများဆုံးပဲဖြစ်ပါတယ်။ သဘာဝတရားကြီးရဲ့အလည်မှာ နတ်စည်းစိမ်ခံစားရသလိုခံစားချက်မျိုးပေးနိုင်တဲ့ ဘာလီကျွန်းဟာ တောတွင်းနိဗ္ဗာန်ဘုံလေးတစ်ခုလိုပါပဲ။ ကမ်းခြေမှာဆိုရင်လည်း ဘာလီရဲ့ တောင်တန်းကြီးတွေအပေါ်ကနေ အံ့ဩဖွယ်ရာ မြင်ကွင်းတွေကို မြင်တွေ့နိုင်မှာပါ။ ဒါ့အပြင် ကျွန်းရဲ့ အလည်တည့်တည့်မှာ တည်ရှိနေတဲ့ ဥဘတ်မြို့လေးဟာလည်း သီခြားကမ္ဘာတခုလို့ဆိုရလောက်အောင် အေးချမ်းလှပလွန်းတဲ့အတွက် ခရီးသွားတွေအဖို့ သွားရောက်လည်ပတ်သင့်တဲ့ အရှေ့တောင်အာရှရဲ့ မြို့တွေထဲက တခုအဖြစ်ဖော်ပြပေးလိုက်ရပါတယ်။
ဘော်နီယိုကျွန်း
ကျယ်ပြောလှတဲ့ ကီနာဘာတန်ဂန် မြစ်ကြီးနဲ့ စိုထိုင်းနေတဲ့ အစီးရင့်ရောင်သစ်တောတွေဟာ ဘော်နီယိုကမ်းရိုးတန်းကြီးရဲ့အလှကို ခြံရံနေပါတယ်။ ရေပြင်ကျယ်နဲ့ တောအုပ်ထိစပ်နေတဲ့ ဘော်နီယိုကျွန်းကတော့ သဘာဝအလှတရားတွေကိုခံစားျင်တဲ့ ခရီးသွားတွေအတွက် သဘောကျဖွယ်ဖြစ်နေမှာအမှန်ပါပဲ။ ဘော်နီကျွန်းဟာဆိုရင် ကမ္ဘာပေါ်မှာ တတိယမြောက်အကြီးဆုံး ကျွန်းကြီးဖြစ်ပြီးတော့ ဘရုနိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့က ခွဲဝေပိုင်ဆိုင်တာပဲဖြစ်ပါတယ်။ ကျွန်းရဲ့ (၇၃) ရာခိုင်နှုန်းကို အင်ဒိုနိးရှားနိုင်ငံကပိုင်ဆိုင်ပြီး ကျန် (၂၆) ရာခိုင်နှုန်းကိုတော့ မလေးရှားနိုင်ငံကပိုင်ဆိုင်ပါတယ်။ ဒါ့အပြင်ဘော်နီယိုကျွန်းရဲ့ သစ်တောတွေဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံးသစ်တောတွေထဲကတစ်ခုဖြစ်ပြီး နှစ်ပေါင်း (၁၃၀) ကျော်သက်တမ်းရှိကြောင်းသိရပါတယ်။ ကျွန်းပေါ်မှာ လူမျိုးစုပေါင်း ၂၀၀ ကျော်နေထိုင်တာကြောင့်လည်း သဘာဝအလှတရားနဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေ့လာျင်သူတွေအတွက် အသင့်တော်ဆုံးနေရာတစ်ခုပါ။
ဟောင်ကောင်
၂၁ ရာစုအစောပိုင်းကာလတွေမှာတော့ ဟောင်ကောင်ကို အရှေ့တောင်အာရှနဲ့ မသက်ဆိုင်တဲ့နိုင်ငံတစ်ခုအဖြစ်ရှုမြင်ခဲ့ကြပေမယ့်လည်း ယခုနောက်ပိုင်းကာလတွေမှာတော့ ဟောင်ကောင်ဟာလည်း အရှေ့တောင်အာရှရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်အတော်များများက လက်ခံလာကြပါပြီ။ ဟောင်ကောင်ရဲ့သမိုင်းကို အကျဉ်းချုပ်တင်ပြရမယ်ဆို တချိန်က ဗြိတိသျှတွေအုပ်ချူပ်ခဲ့တဲ့ တရုတ်နိုင်ငံအစိတ်အပိုင်းဖြစ်ပြီး ကျွန်းမြို့သေးသေးလေးထဲမှာ စုပြုံနေတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဟောင်ကောင်ရဲ့ထူးခြားမှုပါ။ ကျွန်းမြို့လေးဆိုပေမယ့် ခရီးသွားတွေအဖို့လေ့လာစရာတွေက ပြောလို့မကုန်နိုင်အောင်ပါပဲ။ ဥပမာအနေနဲ့ ဗစ်တိုးရီးယားတောင်တန်းကြီးရဲ့အပေါ်စီးကနေ ဟောင်ကောင်တမြို့လုံးကိုရှုမြင်နိုင်တာ၊ စတန်လေကမ်းခြေမှာ အပန်းဖြေရင်း ပေါ့ပါးလွတ်လပ်မှုကိုခံစားနိုင်တာနှင့် အာရှရဲ့ အကောင်းဆုံး ပြတိုက်ကြီးဖြစ်တဲ့ ဟောင်ကောင်အမျိုးသားသမိုင်းပြတိုက်ကြီးထဲမှာ ကမ္ဘာကြီးရဲ့အကြောင်းကို လေ့လာနိုင်တာမျိုးတွေဟာ ဟောင်ကောင်မှာသာရရှိနိုင်မယ့် အံ့ဖွယ်အတွေ့အကြုံတွေပဲဖြစ်ပါတော့တယ်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။