အရှုံးပေါ်နေတဲ့ အိန္ဒိယအစိုးရပိုင် Air India လေကြောင်းလိုင်းကို နိုင်ငံရဲ့ အကြီးဆုံးလုပ်ငန်းစု Tata အုပ်စုထံ ရောင်းချလိုက်ပြီလို့ သိရပါတယ်။
အမြင့်ဆုံးဈေးနှုန်းအဖြစ် အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံ ကမ်းလှမ်းခဲ့တဲ့ ကုမ္ပဏီကို အစိုးရက လေကြောင်းလိုင်း ရောင်းချလိုက်တာလည်း ဖြစ်ပါတယ်။ Tata အုပ်စု (Tata Sons) ဟာ ၁၉၃၂ ခုနှစ်မှာ Air India လေကြောင်းလိုင်းကို မူလတည်ထောင်ခဲ့တဲ့ကုမ္ပဏီဖြစ်ပြီး ၁၉၅၃ နှစ်မှာ အစိုးရလက်ထဲရောက်သွားခဲ့ပါတယ်။ အိန္ဒိယအစိုးရက ဒေါ်လာ ၉.၅ ဘီလီယံ အရှုံးပေါ်ခဲ့ပြီး အကြွေးပိနေတဲ့ လေကြောင်းလိုင်းကိုရောင်းချရန် နှစ်အတန်ကြာ ကြိုးစားနေခဲ့ပါတယ်။
(Tata Group ဥက္ကဌ Ratan Tata) (Photo: Financial Express)
လတ်တလောမှာတော့ အစိုးရက အရောင်းအဝယ် သဘောတူညီမှုမှာ ဝယ်ယူသူဘက်က အကြွေးကိစ္စအားလုံး ရှင်းပေးရခြင်းမရှိဘဲ ဝန်မပိစေရန် ပြင်ဆင်ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် သဘောတူညီမှုအသစ်အရ Tata အုပ်စုအနေနဲ့ လေကြောင်းလိုင်းရဲ့ အကြွေးပမာဏ မည်မျှကို ပေးအဆပ်ရမယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
လေကြောင်းလိုင်းကို ဝယ်ယူပြီးနောက် မိနစ်ပိုင်းအကြာမှာ Tata အုပ်စုရဲ့ ဥက္ကဌ Emeritus Ratan Tata က Air India လေယာဥ်တစ်စီး နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ယခင်ဥက္ကဌဟောင်း JRD Tata ရဲ့ ဓာတ်ပုံကို Twitter မှာ တင်ခဲ့ပြီး Welcome back, Air Inida လို့ ခေါင်းစဥ်တပ်ကာ သတင်းထုတ်ပြန်ထားပါတယ်။
(၁၉၉၃ ခုနှစ်မှာ ကွယ်လွန်ခဲ့သည့် JRD Tata) (Photo: Tata Group)
ယခုရောင်းချမှုဟာ လေကြောင်းလိုင်းမှာ အစိုးရပိုင်ဆိုင်ထားမှု အလုံးစုံကို ရောင်းချသွားရန် ကြိုးပမ်းနေတဲ့ ဝန်ကြီးချုပ်မိုဒီအတွက် အရှိန်မြှင့်တင်မှုတစ်ခုလို့ ဆိုပါတယ်။ Air India ဟာ လန်ဒန်မြို့ ဟီးသရိုးလေဆိပ်မှာ ဆင်းသက်ရပ်နားနေရာ၊ လေယာဥ်အစီးရေ ၁၃၀၊ လေ့ကျင့်ထားတဲ့ လေယာဥ်မှူးနဲ့ လေယာဥ်အမှုထမ်း ထောင်ပေါင်းများစွာ အပါအဝင် ပိုင်ဆိုင်မှုအများအပြား ရှိပါတယ်။
Tata အုပ်စုက အိန္ဒိယမှာ Vistara နဲ့ AirAsia India လေကြောင်းလိုင်းနှစ်ခုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Vistara ကို စင်ကာပူလေကြောင်းလိုင်း Singapore Airlines နဲ့ ပူးပေါင်းဆောင်ရွက်ထားပြီး AirAsia India ကတော့ မလေးရှားလေကြောင်းလိုင်း Malaysia AirAsiaBhd နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တန်ဖိုးနည်းလေကြောင်းလိုင်း ဖြစ်ပါတယ်။