အာဆင်နယ်တို့ အဝေးကွင်းမှာ ဂိုးမိုးထပ်ရွာခဲ့တာပါ။

ဒီပွဲမှာ နှစ်သင်းလုံးက လူစုံတက်စုံ ပွဲထွက်လာခဲ့ကြပြီး နော့ဝစ်ချ်ကလည်း အာရွန်စ်၊ ကာဘတ်၊ ဝီလီယံစ်၊ ဂဲလ်မော၊ ပွတ်ကီတို့ကို အဓိက ပွဲထုတ်ခဲ့ပါတယ်။ ပုံစံကောင်းတွေပြနေတဲ့ အာဆင်နယ်ကလည်း ဒီပွဲမှာ နိုင်ပွဲဆက်ဖို့ ကြိုးစားခဲ့ပါတယ်။



ဒဏ်ရာနေတဲ့ တိုမီယာဆု မပါဝင်နိုင်ခဲ့ဘဲ ဘန်ဝှိုက်၊ ဟိုးလ်ဒင်း၊ ဂါဘရီရယ်၊ တီယာနေးတို့ နောက်တန်းမှာ ပါဝင်ခဲ့ပြီး ကွင်းလယ်နဲ့ တိုက်စစ်မှာတော့ ပုံမှန်ပွဲထွက်နေကျ ကစားသမားတွေပဲ ပါဝင်လာခဲ့ပါတယ်။ စမစ်ရိုးကတော့ အရံခုံမှာသာရှိခဲ့ပြီး ချာကာ၊ ပါတေး၊ ဆာကာ၊ အိုဒီဂတ်၊ မာတီနယ်လီ၊ လာကာဇက်တို့ ပွဲထွက်ကစားခဲ့ပါတယ်။

ပွဲစပြီး (၅) မိနစ်အကြာမှာပဲ အာဆင်နယ်တို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒီဂိုးကိုတော့ အိုဒီဂတ်ရဲ့ ဖန်တီးပေးပို့မှုကတဆင့် ဆာကာက အကောင်းဆုံး အဆုံးသတ်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အာဆင်နယ်ကသာ ပွဲကိုလွှမ်းမိုးခဲ့ပြီး နော့ဝစ်ချ်ကတော့ အခွင့်အရေးမယ်မယ်ရရ မရှိခဲ့ပါဘူး။


အာဆင်နယ်တို့ ဖိကစားနေရင်းနဲ့ပဲ ပထမပိုင်းပြီးခါနီးမှာ အိုဒီဂတ် အကွက်မြင်မြင် ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို Overlap ပါလာတဲ့ တီယာနေး ထောင့်ဖြတ်အနေအထားကနေ ကန်သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အာဆင်နယ်ကပဲ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး တတိယဂိုးကိုတော့ (၆၆) မိနစ်မှာရခဲ့ပါတယ်။

ဒီဂိုးကိုတော့ ဆာကာက ဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ပဲ အပြင်းကန်သွင်းခဲ့တာပါ။ နောက်ပိုင်းမှာတော့ နှစ်သင်းလုံး အပြောင်းအလဲတွေလုပ်ခဲ့ပြီး အာဆင်နယ်ကပဲ ဂိုးတွေထပ်ရခဲ့ပါတယ်။

ဒီဂိုးတွေကိုတော့ (၈၄) မိနစ်မှာ လာကာဇက်က ပင်နယ်တီကတဆင့်တဂိုး၊ လူစားဝင်ကစားသမား စမစ်ရိုးက နာကျင်အချိန်ပိုမှာ ပွဲသိမ်းဂိုးတို့ကို သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး (၅) ပွဲဆက်တိုက်မှာ ပြိုင်ဘက်တွေကို ဂိုးပြတ်တွေနဲ့ချည်းပဲ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

တချိန်တည်းကစားခဲ့တဲ့ အခြားပွဲစဥ်တွေမှာတော့ စပါးက ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ ဂိုး၊ ဧည့်သည်ဆောက်သမ်တန်က ဝက်စ်ဟမ်းကို ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

Share

က္က