ဝန်ထမ်းခေါ်ယူမှုပါ လျှော့ချသွားမှာပါ

စီးပွားရေးနှေးကွေးမှုကို ရင်ဆိုင်ဖို့ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို ညှစ်ထုတ်သွားမယ့်အကြောင်း Meta CEO မတ်ခ်ဇူကာဘတ်က ပြောလိုက်ပါတယ်။ 

ကြာသာပတေးနေ့က လုပ်ဆောင်သွားတဲ့ ဝန်ထမ်းတွေနဲ့ အမေးအဖြေကဏ္ဍမှာ Meta CEO မတ်ခ်ဇူကာဘတ်က ကုမ္ပဏီဖွံ့ဖြိုးမှုနှေးကွေးလာတာကြောင့် စွမ်းဆောင်ရည်ဆိုင်ရာ ရည်မှန်းချက်ပန်းတိုင် (performance goals) တွေကို ပိုအားသွန်ကြဖို့ စီစဉ်ထားတယ်လို့ ပြောကြားခဲ့တာပါ။ Reuters သတင်းဌာနက အစည်အဝေးအသံဖိုင်မှတ်တမ်းကို ကိုးကားပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 





"ကျွန်တော်ပြောနိုင်တာက ဒါဟာ ကျွန်တော်တို့ တွေ့မြင်ခဲ့ရသမျှထဲမှာ အဆိုးဆုံး ထိုးကျသွားတာ ဖြစ်နိုင်တယ်။" လို့ မတ်ခ် ဇူကာဘတ်ခ်က ဝန်ထမ်းတွေကို ပြောပါတယ်။ 

ထင်ထားတာထက် ဝင်ငွေဖွံ့ဖြိုးမှု နှေးကွေးလာတာကြောင့် Meta ကုမ္ပဏီဟာ ကုမ္ပဏီအသုံးစရိတ်ကို တင်းကြပ်လာနေပါတယ်။ Meta ပိုင် Facebook လူမှုကွန်ရက်ကုမ္ပဏီဟာ ဝန်ထမ်းသစ်ခေါ်ယူမှု ရပ်ထားတဲ့အကြောင်းကို ပြီးခဲ့တဲ့ မေလက ဝန်ထမ်းတွေကို အသိပေးခဲ့ပါတယ်။ အခုတစ်ခေါက်မှာ ကုမ္ပဏီ CEO မတ်ခ်ဇူကာဘတ်အနေနဲ့ ကုမ္ပဏီက ချမှတ်တဲ့ ရည်မှန်းချက်တွေကို မလိုက်နိုင်တဲ့ ဝန်ထမ်းတွေကို အလုပ်က ဖယ်ရှားဖို့ပါ စီစဉ်လာတာ ဖြစ်ပါတယ်။ 

"အမှန်အတိုင်း ပြောရရင် ဒီမှာ မရှိသင့်တဲ့သူတွေ တပုံကြီး ကုမ္ပဏီမှာ ရှိနေနိုင်ပါတယ်။ မျှော်မှန်းချက်တွေ မြှင့်တင်ပြီး ပြိုင်ဆိုင်မှု ပိုမြင့်မားလာတဲ့ ပန်းတိုင်တွေထားတာကနေ နည်းနည်း ပိုပြီး အားထည့်ဖို့ စီစဉ်ထားတဲ့အတွက် တချို့သူတွေအနေနဲ့ ဒါက ကိုယ့်နေရာမဟုတ်ဘူးလို့ ဆုံးဖြတ်လာမယ်လို့ ကျွန်တော်ထင်တယ်။ ဒါ့ကို ကိုယ့်ဘာသာ ရွေးချယ်တာက ကျွန်တော့်အတွက် အဆင်ပြေပါတယ်။" လို့ ဇူကာဘတ်ခ်က ပြောပါတယ်။ 



Meta ဝန်ထမ်းတွေကို ဇူကာဘတ်ခ်က ပြောကြားရာမှာ ကုမ္ပဏီဟာ ဒီနှစ်ထဲ အင်ဂျင်နီယာ ၁၀၀၀၀ ခေါ်ယူဖို့ စီစဉ်ထားရာကနေ ၆၀၀၀ ဒါမှမဟုတ် ၇၀၀၀ ခန့်ပဲ ခေါ်ယူတော့မယ်လို့ ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ ရှေ့ဆက်ပြီး ကျစ်လျစ်ထိရောက်တဲ့ ဝန်ထမ်းအင်အားစုဖွဲ့မှုကို သွားဖို့ ဦးစားပေး စီစဉ်တော့မှာ ဖြစ်တာကြောင့် ကုမ္ပဏီရည်မှန်းချက်နဲ့ မကိုက်ညီသူတွေ အလုပ်က ဖယ်ရှားခံရမယ်လို့လည်း မျှော်လင့်ရပါတယ်။ လက်ရှိစီးပွားရေးကျဆင်းမှုဂယက်ဟာ Meta အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေကို ရိုက်ခတ်နေပါတယ်။ 

Amazon ကုမ္ပဏီကလည်း လက်လီလုပ်ငန်းအတွက် ဝန်ထမ်းခေါ်ယူမှုကို လျှော့ချသွားမယ်လို့ ပြီးခဲ့တဲ့ မေလက ဝန်ထမ်းတွေကို အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လပိုင်းက Business Insider ကနေ ရထားတဲ့ ကုမ္ပဏီအတွင်း အီးမေးလ်တစ်ခုအရ Microsoft ကလည်း နဂိုရည်ရွယ်ထားတဲ့ ဝန်ထမ်းသစ်ခေါ်ယူမှုအရေအတွက်ကို လျှော့ချလာနေသလို Tesla ကားကုမ္ပဏီမှာလည်း နောက်သုံးလအတွင်း လက်ရှိဝန်ထမ်းအင်အားရဲ့ ၃% ခန့်ကို လူလျှော့တော့မယ်လို့ ပြောထားပါတယ်။ 

"


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က