ယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ အသင်းဖော်တိုက်စစ်မှူးရော်နယ်ဒိုအပေါ်မှာ အရမ်းမှီခိုလွန်းအားကြီးတယ်လို့ ချယ်လ်ဆီးနဲ့ ဘာစီလိုနာကစားသမားဟောင်းဂတ်ဂျွန်ဆင်က သုံးသပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ဒီရာသီမှာတော့ ခြေစွမ်းအနည်းငယ်ကျဆင်းနေခဲ့ပြီး အသင်းအတွက် သွင်းဂိုးတွေရယူနိုင်မှုအပိုင်းမှာ အားနည်းလာခဲ့ပါတယ်။
ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ လိဒ်ကို ဟက်ထရစ်သွင်းယူခဲ့မှုအပါအဝင် လိဂ်ဂိုး ၅ ဂိုးသာ ဖာနန်ဒက်စ်က ရရှိထားသေးတာဖြစ်ပါတယ်။ သူ့အနေနဲ့ ရော်နယ်ဒိုကိုသာ အားကိုးမနေဘူးဆိုရင် သွင်းဂိုးနဲ့ ဖန်တီးမှုတွေ အခုထက်ပိုပြီးတော့ ရရှိလိမ့်မယ်လို့လည်း ဂတ်ဂျွန်ဆင်က ပြောဆိုခဲ့ကာ ဘောလုံးရရှိချိန်တိုင်း ရော်နယ်ဒိုကို လိုက်ရှာနေတဲ့ ပုံစံကို ပြောင်းလဲဖို့ တိုက်တွန်းခံခဲ့ရပါတယ်။
"ဖာနန်ဒက်စ်က ရော်နယ်ဒိုကိုပဲ အမြဲတမ်းလိုက်ကြည့်နေတယ်၊ ၁၀ ကြိမ်မှာ ၉ ကြိမ်လောက်က သူ ရော်နယ်ဒိုကို လိုက်ရှာဖို့ ကြိုးစားနေတာပါ၊ အဲဒါက အလုပ်မဖြစ်ပါဘူး၊ ဒီတော့ သူ စိတ်မရှည်တော့ဘူး၊ အရမ်းခက်တာတွေကို လုပ်ဖို့ကို စအားထုတ်တော့တာပဲ၊ ယူနိုက်တက်မှာ သူ စကစားတုန်းကပုံစံကို သတိထားမိမယ်ဆိုရင် သူ့ဆီကနေ ကျွန်တော်တို့ အများကြီး မြင်တွေ့ချင်တာတွေရှိနေပါတယ်" လို့ အိုက်စလန်တိုက်စစ်မှူးဟောင်းက ပေါ်တူဂီသတင်းစာ Record ကို ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ကို ရော်နယ်ဒိုစရောက်လာပြီးနောက်မှာ အသင်းရဲ့ ဂိုးအများစုကို သွင်းယူဖို့ တာဝန်ယူခဲ့ရပြီး လက်ရှိမှာ ၁၃ ဂိုးအထိ ရရှိထားပြီးဖြစ်ပါတယ်။ လိဂ်ဂိုး ၇ ဂိုးပါဝင်ပြီး ချန်ပီယံလိဂ်မှာ ၆ ဂိုးအထိ သွင်းယူထားတာလည်းဖြစ်ပါတယ်။ ဖာနန်ဒက်စ်ကတော့ ခြေစွမ်းပိုင်းအားနည်းသွားခဲ့ပြီး ပြိုင်ပွဲစုံ ၂၂ ပွဲမှာ ၅ ဂိုးသာရရှိထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။