အကင်တွေကိုစိတ်ကြိုက်ရွေးချယ်လို့ရမယ့်အပြင်သင့်တင့်တဲ့ဈေးနှုန်းနဲ့ဟင်းပွဲမျိုးစုံကိုလည်း ရွေးချယ်စားသုံးလို့ရမယ့် ဘာညာအကင်ဆိုင်လေးနဲ့ Duwun ပရိတ်သတ်တွေကိုမိတ်ဆက်ပေးချင်ပါတယ်။ ဒီလို ဘာညာအကင်ဆိုင်လေးရယ်လို့ ဖြစ်လာဖို့ ငွေအရင်းအနှီးပုံအောခဲ့ရတာမဟုတ်ဘဲ ရှိတဲ့ရင်းနှီးငွေလေးနဲ့ စားသုံးသူတွေအကြိုက်တွေ့အောင် ကြိုးစားခဲ့တဲ့ဆိုင်လေးတစ်ဆိုင်ဆိုရင်လည်း မမှားပါဘူး။
ငါး (၇) ကောင်နဲ့ အစပြုခဲ့တဲ့ သူတို့ဘဝရဲ့အစ
ဘာညာအကင်ဆိုင်ရဲ့ ဆိုင်ရှင်ဇနီးမောင်နှံတွေဖြစ်တဲ့ မသီရိဟာ အရင်ကသာမန်ဝန်ထမ်းတွေဖြစ်ကြပါတယ်။ ကိုဗစ်ဖြစ်ပွားချိန် အလုပ်အကိုင်တွေ ရှားပါးချိန်မှာ ဝင်ငွေရအောင် ဈေးရောင်းဖို့ အစပြုရင်းကနေ ဒီအကင်ဆိုင်လေးဖြစ်လာခဲ့တာပါ။
“ ကိုဗစ်တွေဖြစ်တော့ လစာတွေလည်း ဖြတ်ခံရ ၊အိုဗာတိုင်ကြေးက မရတော့ဘူး။ တစ်ခုခု ပိုက်ဆံပိုရအောင် ဝင်ငွေရအောင် ဈေးလေးရောင်းကြည့်မလားပေါ့ စမ်းပြီးအမျိုးမျိုးလုပ်တယ်။အစားအသောက် အော်ဒါတွေ လိုက်ပို့တယ်။ အဝတ်အထည်တွေရောင်းတယ်။ နောက်တော့ ငါးကင်လေးတွေ အပြင်မှာ ထွက်ရောင်းကြည့်မယ်ဆိုပြီး စဖြစ်ခဲ့တာပါ” လို့ ဘာညာအကင်ဆိုင်ရဲ့ ဆိုင်ရှင် မသီရိက ဆိုပါတယ်။
စရောင်းခါစက သူတို့ရဲ့ အခက်အခဲတွေ
လူငယ်တွေလည်းဖြစ်တဲ့အပြင် ဈေးရောင်းတဲ့အတွေ့အကြုံလည်းမရှိတာကြောင့် မသီရိတို့ ဇနီးမောင်နှံအနေနဲ့ အခက်အခဲတွေ အများကြီးကြုံခဲ့ရပါတယ်။ ငွေအရင်းအနှီးနည်းနည်းနဲ့ လမ်ဘေးလေးက အခြားဆိုင်တွေရှေ့မှာ ခုံခင်းပြီးရောင်းချခဲ့ရပြီး တစ်နေ့တစ်နေ့ ငါးတွေကုန်အောင်ရောင်းနိုင်ဖို့ ကြိုးစားခဲ့ရတယ်ဆိုပါတယ်။
“ စစချင်းမှာ ဆိုင်ခန်းကြီးတွေနဲ့လည်း မဖွင့်နိုင်ဘူး။ ညီမအစ်ကိုကမုန့်ဖိုးပေးတဲ့ ငွေနှစ်သောင်းခွဲကိုယူပြီး ဈေးသွားပြီးတော့ ငါး (၇) ကောင်ဝယ်တယ်။ ပြီးတော့ အိမ်မှာပဲ တစ်ခါတည်းကင်ပြီးတော့ မြောက်ဒဂုံက ဗထူးဈေးမှာ စရောင်းခဲ့တာပါ။ အဲ့ဒီမှာ သူများဆိုင်တွေရှေ့မှာ ခုံခင်းပြီးရောင်းတာပေါ့။ ကိုယ်က စစရောင်းချင်းတုန်းက ကြောက်တာ၊ တစ်ခါမှလည်း အဲလိုမရောင်းဖူးဘူးလေ။ နောက်ပြီး သူများဆိုင်ရှေ့မှာ ခင်းရောင်းရတာဆိုတာ့ တစ်ချို့ဆိုင်တွေက ကြိုက်ပါ့မလားပေါ့။ အဲဒါနဲ့ ခင်းလို့ရတဲ့နေရာလေးတွေမှာခင်းပြီးတော့ ရောင်းခဲ့ရတယ်။ ငါးကင်ကို ဘူးလေးတွေနဲ့ ထုပ်ပြီး တစ်ဘူးကို ၂၀၀၀ ဆိုပြီးစရောင်းခဲ့ရတာပါ” လို့ မသီရိကဆိုပါတယ်။
ငါးကင်(၇)ကောင်ရောင်းတဲ့ဘဝကနေ ဆိုင်ခန်းလေးနဲ့ ဖြစ်လာ
ငါးကင်ရောင်းရာကနေ စားသုံးသူတွေတဖြည်းဖြည်းရလာခဲ့ပြီးနောက် ငါးကင်ကနေ ဟင်းအမယ်တွေ တိုးလာခဲ့ပြီး ဆိုင်ခန်းအသေးလေး ပထမဆုံးစတင်ဖွင့်နိုင်ခဲ့ပါတယ်။
“ သူများတွေ ဆိုင်ရှေ့မှာခုံလေးခင်း ကားလေးထိုးရောင်းနေရာကနေ ရာသီဥတုကလည်း မိုးရွာလာတော့ လင်မယားနှစ်ယောက်တိုင်ပင်ပြီး ဈေးထဲကွမ်းယာဆိုင်လေးရှေ့က မြေကြီးကွက်လပ်လေးကို ဌားကြတယ်။ ဆိုင်ခန်းနဲ့ ဖြစ်သွားတဲ့အခါကျတော့ ဆိုင်ဖိုးလေးပေးရမယ်ဆိုပြီးတာ့ ဟင်းအမယ်လေးတွေ ထပ်တိုးရောင်းကြည့်တာပေါ့။ ဂဏန်းမဆလာ၊ ဝက်လက်စွတ်ပြုတ်၊ ရေညှိထမင်းလိပ်တို့ကို လုပ်ကြည့်တယ်။ လုပ်ကြည့်ပြီးရောင်းကြည့်တာ အဲဒါနဲ့ကျွန်တော်တို့က လုပ်တာကံလေးပါတယ်ပြောရမယ်။ စားသုံးသူတွေက တော်တော်များများလားစားကြတယ်။ အဲဒါနဲ့ ကျွန်တော်တို့ရှိတဲ့ပိုက်ဆံလေးနဲ့ ဝယ်လိုက်ရောင်းလိုက်နဲ့ တဖြည်းဖြည်းတိုးလာခဲ့ပြီး ဆိုင်ခန်းနေရာအကျယ်တစ်ခု ထပ်ဖွင့်နိုင်ခဲ့ပါတယ်။
ကြိုးစားရုန်းကန်ရင်းနဲ့ ဆိုင်ခန်း (၂) ခန်းဖြစ်လာ
အခုတော့ ဘာညာအကင်ဆိုင်ဆိုတဲ့ အမည်လေးနဲ့ တောင်ဥက္ကလာပမြို့နယ် မေတ္တာလမ်းမပေါ်မှာ တစ်ဆိုင်၊ မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းမပေါ်မှာ တစ်ဆိုင် စုစုပေါင်း (၂) ဆိုင် ဖွင့်လှစ်ထားပါတယ်။ငွေလေးနှစ်သောင်းခွဲနဲ့ စတင်ခဲ့တဲ့ဆိုင်လေးဟာ အခုဆို ဆိုင်ခန်းကျယ်ကျယ်ဝန်းဝန်းနဲ့ နှစ်ဆိုင် ဖွင့်လှစ်နိုင်ခဲ့ပြီး တစ်နေ့ကို ၁၀ သိန်းဝန်းကျင်ဖိုးလောက်ရောင်းရတဲ့အနေအထားဖြစ်လာခဲ့ပါတယ်။
“ အဓိကက ညီမတို့မှာ ကလေးလေးရှိတယ်။ မိဘတွေကိုရှာကျွေးချင်တယ်။အဲဒါကြောင့် နေ့တိုင်းရုန်းကန်ကြိုးစားတယ်။ ဟင်းအမယ်တွေကိုလည်း တစ်မျိုးပြီးတစ်မျိုးပိုကောင်းအောင် လုပ်တယ်။ ရောင်းလိုက်ဝယ်လိုက် ပိုက်ဆံလေးနည်းနည်းရလာရင် ခုံတွေဝယ်လိုက် ဂတ်စ်အိုးလေးတစ်အိုးဝယ်လိုက် ဒီဆိုင်တွေ ဖြစ်လာတာကလည်း ဒီဈေးရောင်းရတဲ့ ငွေလေးကတစ်ဆင့် တဖြည်းဖြည်းပွားပြီး ဖြစ်လာတာပါ။ပြီးတော့ အစားအသောက်ကိုလည်း တကယ်ကိုစေတနာထားတယ်။ ကိုယ်စားသလိုမျိုးပဲ ငါးကင်တုန်းကလည်း လမ်းဘေးမှာရောင်းရတယ်ဆိုတာလေ အချဉ်ကအစ ကောင်းအောင်လုပ်တယ်။” လို့ ဆိုပါတယ်။
ဘာညာအကင်ဆိုင်လေးမှာ မြည်းစမ်းချင်သူတွေအတွက်
ဘာညာအကင်ဆိုင်လေးမှာ ကြက်သား၊ဝက်သား၊ ပင်လယ်စာအစုံတို့ နဲ့ အကင်အမျိုးအစားပေါင်း ၁၀၀ နီးပါးရပြီး မာလာရှမ်းကော၊မာလာမောက်ချိုက်၊ ဝက်သားလုံးကြော်၊ နံရိုးကြော်၊ ကြက်ရေခွံကြော် စတဲ့ဟင်းအမယ်အမျိုးအစားတွေလည်း မျိုးစုံရရှိနိုင်ပါတယ်။ ဆိုင်လိပ်စာတွေကတော့ တောင်ဥက္ကလာပမြို့နယ် မေတ္တလမ်းမပေါ် အမျိုးသမီးနဲ့ကလေးဆေးရုံနား CB bank မျက်စောင်းထိုး၊ မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းမကြီးပေါ် အမှတ် ၂၁၉ တို့ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ထားတာပါ။ ဒါကြောင့်မို့ အကင်လက်ရာလေးတွေကို မြည်းစမ်းချင်တဲ့သူတွေအတွက် ဘာညာအကင်ဆိုင်လေးတွေမှာ မြည်းစမ်းကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်။
Share