ဇာဗီကတော့ ဘာစီလိုနာမှာ ဘယ်သူ့ကိုမှ မျက်နှာသာပေးဖို့ အစီအစဥ်မရှိပါဘူး။

ဘာစီလိုနာနည်းပြ ဇာဗီရဲ့ စည်းကမ်းချက်တွေကြောင့် ပီကေးဟာ သူ့ရဲ့ ပုံမှန်ပြုလုပ်နေကျ ရုပ်သံအင်တာဗျူးအစီအစဥ်နဲ့ ပြင်ပစီးပွားရေးဆိုင်ရာကိစ္စတွေကို ဖျက်သိမ်းလိုက်ရတယ်လို့ သိရှိရပါတယ်။ ဇာဗီဟာ ဘာစီလိုနာနည်းပြအဖြစ် တရားဝင် ခန့်အပ်ခြင်းခံရပြီးနောက် ကစားသမားတွေကို တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ကိုင်တွယ်ဖို့ ပြင်ဆင်ထားတာပါ။



ဇာဗီဟာ အသင်းကိုရောက်ရောက်ချင်းမှာပဲ နည်းပြဟောင်း ရော်နယ်ကိုးမန်း ခန့်အပ်ထားတဲ့ ကြံ့ခိုင်ရေးနည်းပြ နှစ်ယောက်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ကစားသမားနဲ့ အသင်းဝန်ထမ်းတွေအတွက်လည်း စည်းကမ်းချက် (၁၀) ချက်ကို ပြင်းပြင်းထန်ထန် ချမှတ်ခဲ့ပါတယ်။

ဒီအထဲမှာတော့ ကစားသမားတွေအနေနဲ့ သူတို့ရဲ့ ကွင်းပြင်ပလှုပ်ရှားမှုတွေကို ကန့်သတ်ထားတဲ့ အချက်တွေ ပါဝင်ပြီး ကစားသမားတွေအနေနဲ့ ကွင်းတွင်းမှာသာမက လေ့ကျင့်ရေးကွင်းမှာပါ အစွမ်းကုန် ပေးဆပ်ရမယ်ဆိုတဲ့ အချက်တွေ ပါဝင်နေတာပါ။

ပီကေးဟာ လက်ရှိနိုင်ငံတကာရက်သတ္တပတ်အတွင်း El Hormiguero နဲ့ အင်တာဗျူးပြုလုပ်ဖို့ စီစဥ်ထားပေမယ့် ဇာဗီကြောင့် ဒီအစီအစဥ်ကို ဖျက်သိမ်းခဲ့ရပြီး ဇာဗီကိုယ်တိုင်ကလည်း နိုင်ငံတကာရက်သတ္တပတ်ကြောင့် အားလပ်ရက်ရနေချိန်မှာ ပီကေးကို အခုလိုမျိုး ခရီးဝေးတွေစေလွှတ်ဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။

ပီကေးဟာ ကွင်းပြင်ပမှာ စီးပွားရေးဆိုင်ရာအရ အခြားသော ခရီးတွေလည်း သွားလာနေရပြီး ဇာဗီကတော့ သူတာဝန်ယူနေတဲ့ကာလမှာ ပီကေးကို ဒီလိုမျိုး လွတ်လပ်ခွင့်ပေးထားဖို့ ဆန္ဒမရှိပါဘူး။ ဒါ့အပြင် ကစားသမားတွေရဲ့ ဆိုရှယ်မီဒီယာတွေကအစ ဇာဗီက ကန့်သတ်ဖို့ ပြင်ဆင်ထားပြီး ကွင်းပြင်ပမှာ အန္တရာယ်များတဲ့ ဘယ်လိုမျိုးလှုပ်ရှားမှုကိုမှ မပြုလုပ်ရဘူးလို့ စည်းကမ်းထုတ်ထားပါတယ်။

ဇာဗီအနေနဲ့ လာမယ့် နိုဝင်ဘာ (၂၀) မှာ ကစားမယ့် အက်စ်ပန်ညိုနဲ့ အိမ်ကွင်းပွဲကို ဘာစီလိုနာနည်းပြဘဝ ပထမဆုံးပွဲအဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး ဇာဗီရဲ့ ပြုပြင်ပြောင်းလဲမှုတွေအောက် ဘာစီလိုနာတို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က