ယူနိုက်တက်နဲ့ပွဲမှာ အာနိုးလ်ရုန်းကန်ခဲ့ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့လီဗာပူးတို့ရဲ့ ပွဲစဥ်မှာ ခြေစွမ်းမပြနိုင်တဲ့ လီဗာပူး ညာနောက်ခံလူအာနိုးလ်ကို ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ ဒါ့အပြင် TalkSPORT ရဲ့ ဆွေးနွေးခန်းမှာလည်း လီဗာပူးပရိသတ် စကော့တီက အဆိုပါ အင်္ဂလန်ညာနောက်ခံလူကို ရောင်းထုတ်သင့်ကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။



အာနိုးလ်ဟာ တိုက်စစ်အားသန် ညာနောက်ခံလူတယောက်ဖြစ်ပေမယ့် ခံစစ်စွမ်းဆောင်ရည်မှာ အားနည်းလေ့ရှိပြီး မနေ့ညကပွဲမှာ အီလန်ဂါ၊ ရပ်ရှ်ဖို့ဒ်တို့ရဲ့ ဒုက္ခပေးခြင်းကို ကောင်းကောင်းခံစားခဲ့ရပါတယ်။ ဒါ့အပြင် ပထမပိုင်းမှာလည်း ရပ်ရှ်ဖို့ဒ်နဲ့ ဘောလုံးယှဥ်လုရင်း ရှုံးနိမ့်ခဲ့တဲ့နောက် ဂိုးမပေးရအောင် နောက်ကနေ ချိတ်လှဲပြီး အဝါကတ်ပြသခံခဲ့ရပါတယ်။

ရာသီအဖွင့် ဖူလ်ဟမ်နဲ့ပွဲမှာလည်း အာနိုးလ်ရဲ့ အားနည်းချက်ကတဆင့် ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်က လီဗာပူးဘက်ကို တဂိုးသွင်းယူခဲ့ပါသေးတယ်။ မနေ့ညကပွဲအပြီးမှာတော့ လီဗာပူးပရိသတ် စကော့တီက “ခင်ဗျားတို့က အာနိုးလ်နဲ့ ပတ်သက်လို့ မှတ်ချက်လိုချင်တယ်ဆိုတော့လည်း ကျနော်က ပြောပြရမှာပေါ့။ သူ့ကို လီဗာပူးကနေ ထွက်ခိုင်းလိုက်ပါတော့”


“ပေါင်သန်း (၆၀) ကနေ (၈၀) ကြားထဲရရရင် အာနိုးလ်ကို ရောင်းထုတ်လိုက်စမ်းပါ။ သူ့အလုပ်က ခံစစ်ကို ကာကွယ်ရမှာပါ။ တကယ်လို့ သူက တောင်ပံတလျှောက် တက်သွားပြီဆိုရင် သူ့ကို ကာကွယ်ပေးနိုင်မယ့် ဗဟိုနောက်ခံလူကောင်းကောင်း လိုအပ်ပါတယ်။ ဂျိုးဂိုးမက်ဇ်က ဒါမျိုး အဆင့်အတန်းမဟုတ်ပါဘူး။ ဂိုးမက်ဇ်က လိဂ်ချန်ပီယံရှစ်မှာပဲရပြီး လီဗာပူးလိုမျိုး ထိပ်တန်းအသင်းအတွက် မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ပွဲက စွမ်းဆောင်ရည်အတွက် အာနိုးလ်အပြင် ဗဟိုနောက်ခံလူ ဗန်ဒိုက်ချ်လည်း ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဗန်ဒိုက်ချ်ဟာ ဆန်ချိုသွင်းယူသွားတဲ့ ပထမဂိုးမှာ ဝင်မဖျက်ဘဲ မတ်တပ်ရပ် ကာကွယ်ဖို့သာ လုပ်ခဲ့တာကြောင့် ကာရေဂါ၊ မီကာရစ်ချက်တို့က ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က