နေမာကို ပီအက်စ်ဂျီက အောက်စျေးနဲ့ရောင်းထုတ်ဖို့ ပြင်ဆင်နေတာပါ။

ပြင်သစ်ကလပ် ပီအက်စ်ဂျီဟာ သူတို့ရဲ့နာမည်ကျော် ကစားသမားနေမာကို ပြောင်းရွှေ့ကြေး ပေါင် (၇၅) သန်း ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ အဆိုပါ ကစားသမားအတွက် ပီအက်စ်ဂျီတို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး အသုံးပြုခဲ့ရတာပါ။



ပီအက်စ်ဂျီဟာ နေမာကို ခေါ်ယူဖို့အတွက် ဘာစီလိုနာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၉၈) သန်း ပေးချေခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ နေမာက ပီအက်စ်ဂျီမှာ ကျောနံပါတ် (၁၀) နဲ့အတူ အသင်းနဲ့လည်း (၅) နှစ် သက်တမ်းရှိ စာချုပ်တရပ်ကို ချုပ်ဆိုခဲ့ပါတယ်။

(၂၀၁၇) မှာ နေမာအတွက် ပေးချေခဲ့ရတဲ့ အဆိုပါ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးက လက်ရှိအချိန်ထိ ဘယ်အသင်းမှ ရိုက်ချိုးထားနိုင်ခြင်းမရှိသေးပါဘူး။ ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီဟာ ချန်ပီယံလိဂ်ဆုဖလား မျှော်လင့်ချက်နဲ့ နေမာကို အခုလိုမျိုး ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူထင်ထားတဲ့အတိုင်း မဖြစ်လာခဲ့ပါဘူး။

ပီအက်စ်ဂျီအတွက် ရာသီအဆုံးအဖြတ်အချိန်ကာလတွေ၊ အရေးကြီးပွဲစဥ်တွေမှာ နေမာက ဒဏ်ရာပြဿနာကြောင့် မကြာခဏ လွဲချော်ခဲ့ရပါတယ်။ ဒါ့အပြင် ဒီရာသီမှာလည်း ပီအက်စ်ဂျီက ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ကနေ စောစောစီးစီး ထွက်ခွာခဲ့ရပြီး နေမာအပြင် မက်ဆီအပေါ်ကိုပါ ပီအက်စ်ဂျီ ပရိသတ်တွေက ပြန်လည်လှောင်ပြောင်နေပါတယ်။

ပီအက်စ်ဂျီကတော့ နေမာကို လာမယ့်နွေရာသီမှာ ရောင်းထုတ်တော့မှာဖြစ်ပြီး ဒီအတွက် ပြောင်းရွှေ့ကြေး ပေါင် (၇၆) သန်းသာ မျှော်လင့်ထားတယ်လို့ သိရှိရပါတယ်။ တကယ်လို့သာ ဒီပမာဏနဲ့ အမှန်တကယ် ရောင်းထုတ်ဖြစ်ခဲ့ရင် ပီအက်စ်ဂျီအနေနဲ့ နေမာရဲ့ အရောင်းအဝယ်ကိစ္စမှာ ပေါင် (၁၂၂) သန်းအထိ နစ်နာဆုံးရှုံးရတော့မှာဖြစ်ပါတယ်။

အသက် (၃၀) အရွယ်နေမာဟာ လက်ရှိစျေးကွက်တန်ဖိုးအရ ပေါင် (၈၁) သန်း တန်ကြေးရှိပြီး ပြီးခဲ့တဲ့နှစ်ကမှ ပီအက်စ်ဂျီနဲ့အတူ (၂၀၂၅) အထိဆက်ရှိနေမယ့် စာချုပ်သစ်တရပ်ကို လက်မှတ်ရေးထိုးထားခဲ့တာပါ။ ဒါပေမယ့်လည်း ပီအက်စ်ဂျီဘက်ကတော့ ဒါတွေကို ဂရုမစိုက်နိုင်တော့ဘဲ အသင်းကို ပြုပြင်ပြောင်းလဲရေးအတွက် နေမာကို အခုလိုမျိုးပဲ အောက်စျေးနဲ့ အရှုံးခံပြီး ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က