Rဇာနည်နဲ့ ဝမ်း တို့ ဇနီးမောင်နှံကတော့ သားငယ်လေးရဲ့ လည်လွန်းတတ်လွန်းတဲ့အကြောင်းတွေ ပြောလာပါတယ်။ ကလေးကတော့ အများကြီးလိုချင်တယ်လို့ သဘောကျရယ်မောရင်း ပြောခဲ့ပါသေးတယ်။
Photo: Phit Phit Chit Chit
ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန် တို့ရဲ့ အကြောင်းကို ဖေဖေ Rဇာနည်နဲ့ မေမေ ဝမ်း တို့က ပြောပြလာပါတယ်။ အငယ်လေးကတော့ အရမ်းလည်၊ အရမ်းတတ်နေပြီလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
Photo: Phit Phit Chit Chit
သားကြီး ဖစ်ဖစ်နဲ့ သားငယ်လေး ချစ်ချစ် တို့ရဲ့ စိတ်နေစိတ်ထားတွေကတော့ မတူဘူးလို့ Rဇာနည်က ပြောပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြိုက်တတ်တဲ့ အရာတွေတောင် မတူဘူးလို့ ဆိုပြီးတော့ ဇန်နဝါရီလ ၄ ရက်နေ့က ငွေကျားတိုက် လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။
“ ညီအစ်ကိုနှစ်ယောက်က ငယ်ငယ်တုန်းကတော့ ရုပ်က ပိုဆင်တယ်။ ကြီးလာတော့ ရုပ်က ကွဲလာတယ်။ အကြိုက်ချင်းတွေလည်း မတူဘူး။ နောက်ထပ် မတူတဲ့အချက်တွေလည်း အများကြီးရှိပါသေးတယ်။ သားနှစ်ယောက်ကတော့ ဘယ်သူနဲ့တူသလဲ ဆိုတာ ဘေးလူက ကြည့်ရင်သိမှာပေါ့နော်။ သူတို့ရဲ့ စိတ်နေစိတ်ထားကလည်း ဒီအဖေ၊ ဒီအမေက မွေးတော့ စိတ်တွေလည်း နည်းနည်းတော့ တူမှာပါ” လို့ ဆိုပါတယ်။
Photo: Phit Phit Chit Chit
အဆိုတော် Rဇာနည်နဲ့ သရုပ်ဆောင် ဝမ်းတို့ရဲ့ အိမ်ထောင်သက်တမ်းကတော့ အခုဆိုရင် ၁၆ နှစ်ရှိပါပြီ။ အခက်အခဲများစွာလည်း ရင်ဆိုင်ခဲ့ရသလို အတူတူ ဖြတ်သန်းရတဲ့ အရာတွေမှာလည်း ဖေးမ ကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
“ အိမ်ထောင်ရေးမှာတော့ အခက်အခဲဆိုတာ လူတိုင်းရှိပါတယ်။ အဲဒီအခက်အခဲကို အဓိက က အေးအေးဆေးဆေးနဲ့ ဖြေရှင်းနိုင်ရမယ်။ အခက်အခဲဆိုတာရှိသလို ပြေလည်တဲ့ လမ်းဆိုတာလည်းရှိတယ်။ စိတ်နဲ့လည်း ဆိုင်တယ်။ ပြေလည်ချင်တယ်ဆိုရင် ပြေလည်မှာပဲ။ အိမ်ထောင်သက် နုတာနဲ့ ရင့်တာနဲ့တော့ နည်းနည်းကွာတာပေါ့။ အိမ်ထောင်သက်တမ်းကြာလာလေ နားလည်နိုင်မှု၊ ခွင့်လွှတ်ပေးနိုင်မှုတွေက ပိုများလေပါပဲ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Phit Phit Chit Chit
အဆိုတော် Rဇာနည်နဲ့ သရုပ်ဆောင် မော်ဒယ် ဝမ်း တို့ဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၇ရက်နေ့မှာ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့်ခဲ့ပြီ လို့ သိရပါတယ်။ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့် အမှတ်တရ အနေနဲ့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ ချမ်းမြေ့ရိပ်သာကျောင်းက သံဃာတော်များကို နေ့ဆွမ်းကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အခုလက်ရှိမှာလည်း မိသားစုအတူတူ ကြော်ငြာလေးတွေရိုက်ထားတာကို တွေ့ရပါတယ်။
Share