အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်က ကယ်လီဖိုးနီးယားပြည်နယ် Yosemite အမျိုးသားဥယျာဉ်အတွင်းရှိ အယ်လ်ကက်ပီတန် (El Capitan) ကျောက်တောင်နံရံထိပ်ကို တက်ရောက်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံးသူ ဖြစ်လာခဲ့ပါတယ်။
(ရှနီတာတို့သားအဖကို အယ်လ်ကက်ပီတန်ကျောက်တောင်ထိပ်မှာ တွေ့ရစဉ်) (Photo: Mike Schneiter)
ဆီလက်ရှနီတာ အမည်ရှိ ၁၀ နှစ်သမီးလေးက ဖခင်ဖြစ်သူ မိုက်ခ်ရှနီတာနဲ့ မိသားစုမိတ်ဆွေ မာ့ခ်ရီဂျီရာတို့ရဲ့ အကူအညီဖြင့် အမြင့်ပေ ၃,၀၀၀ ရှိ အယ်လ်ကက်ပီတန် ကျောက်တောင်ပေါ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရှနီတာရဲ့ဖခင်က တောင်တက်နည်းပြတစ်ဦးဖြစ်ပြီး သူမရဲ့မိခင်နဲ့ ယခု ကျောက်တောင်ပေါ်မှာပင် ချစ်သူတွေဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ကက်ပီတန်ကျောက်တောင်ကို တက်ရောက်မှုဟာ ၅ ရက်ကြာမြင့်ခဲ့ပြီး ရှနီတာက တောင်ထိပ်ကို ဗုဒ္ဓဟူးနေ့ (ဇွန် ၁၂ ရက်) မှာ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။
(မိသားစုမိတ်တွေ၊ ရှနီတာနဲ့ သူမရဲ့ဖခင်တို့ကို တွေ့ရစဉ်) (Photo: Mike Schneiter)
ပေ ၃,၀၀၀ မြင့်ကာ အရွယ်ရောက်ပြီးသူတွေပင် အလွယ်တကူ မတက်ရောက်နိုင်ခဲ့တဲ့ ကက်ပီတန်ကျောက်တောင်နံရံပေါ်ကို တက်ရောက်နိုင်ခဲ့သူက ရှနီတာက "သမီးတို့ရဲ့ ဆောင်ပုဒ်က 'ဆင်တစ်ကောင်လုံးကို ဘယ်လိုစားမလဲ? သေးသေးချင်း ကိုက်စားမှာပေါ့' ဆိုတာပါပဲ၊ တစ်ကြိမ်မှာ အကာအဝေးတစ်ခု၊ တစ်ကြိမ်မှာ လှုပ်ရှားမှုတစ်ခု၊ တစ်ကြိမ်မှာ တစ်ရက်ပေါ့" လို့ ရှနီတာက ကယ်လီဖိုးနီးယားအခြေစိုက် KFSN သတင်းဌာနကို ပြောပါတယ်။
(ရှနီတာ နို့စို့အရွယ်ကလေးဘဝက ဖခင်နဲ့အတူ Yosemite ကို ရောက်ခဲ့စဉ်) (Photo: Joy Schneiter)
၁၀ နှစ်သမီးလေး ရှနီတာက အယ်လ်ကက်ပီတန် ကျောက်တောင်နံရံကို 'jumaring' ခေါ် ကြိုးတစ်ချောင်းသုံးပြီး တွယ်တက်တဲ့နည်းစနစ်ဖြင့် တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ထိုနည်းစနစ်အရ ကြိုးကိုဆွဲပြီး အပေါ်ကိုတက်သွားနိုင်ရန် လက်တစ်ဖက်စီမှာ ကိရိယာတစ်ခုစီ တပ်ဆင်ထားရန်လိုအပ်တယ်လို့ ဆိုပါတယ်။ ရှနီတာက အယ်လ်ကက်ပီတန်ကျောက်တောင်နံရံထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီးနောက် Yosemite တောင်ကြားဒေသရှိ Half Dome ကျေးရွာလေးမှာ ပီဇာစားပြီး အောင်ပွဲခံခဲ့ပါတယ်။
(သက်စွန့်ဆံဖျား ကျောက်တောင်နံံရံကို တွယ်တက်နေသည့် ရှနီတာ) (Photo: Schneiter Family)
အယ်လ်ကက်ပီတန်ကျောက်တောင်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့မှုကတော့ ဝါရင်းဟတ်ဒင်း (Warren Harding) ၁၉၅၈ ခုနှစ်မှာ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ယနေ့အချိန်မှာလည်း Yosemite အမျိုးသားဥယျာဉ်အတွင်းရှိ အယ်လ်ကက်ပီတန် ကျောက်တောင်နံရံဟာ ကမ္ဘာတစ်ဝှမ်းမှ တောင်တက်သမားတွေ တက်ရောက်လိုကြတဲ့ နေရာတစ်ခုအဖြစ် ဆွဲဆောင်နေပါတယ်။