ထိုင်းနိုင်ငံ အယုဒ္ဓယမြို့မှာ မြန်မာအလုပ်သမားအပါအဝင် ရွှေ့ပြောင်းနိုင်ငံခြားသားအလုပ်သမား ၁၈၉ ဦးဖမ်းဆီးခံရတယ်လို့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Social Action for Children and Women – SAW အဖွဲ့ ကနေ သတင်းထုတ်ပြန်ပါတယ်။
Photo _ SAW F
ဇန်နဝါရီလ ၁၈ ရက် မနက်ပိုင်းကစတင်ကာ အယုဒ္ဓယမြို့နယ်အတွင်းမှာ တရားမဝင် နိုင်ငံခြားသားတွေကို နယ်မြေခံရဲတပ်ဖွဲ၊့ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်အကိုင်နေရာချထားရေး အလုပ်သမားအဖွဲ့တာဝန်ရှိသူတွေ ပူးပေါင်းပြီး အလုပ်သမားတွေ အများဆုံးနေထိုင်ရာ နေရာတွေကို အဓိကထား စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးစစ်ဆေးရာမှာ မြန်မာအလုပ်သမားတွေအပါအဝင် လာအို၊ ကမ္ဘောဒီးယားမှ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ အခုဖမ်းဆီးမှုဟာ အယုဒ္ဓယမြို့နယ်အတွင်းမှာ ပထမဆုံး အကြိမ်အရေအတွက် အများဆုံး ဖမ်းဆီးမှုဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ မြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်နဲ့ ဈေးဆိုင်တွေကို ဝင်ရောက်ရှာဖွေခဲ့ကြပြီး တရားမဝင် နိုင်ငံခြားသားအလုပ်သမားတွေကို ဖမ်းဆီးကာ အယုဒ္ဓယမြို့ ရဲတပ်ဖွဲ့ဝင်းထဲကို စုရုံးခေါ်ဆောင်လာခဲ့ကြပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ရဲမှူးက “ အယုဒ္ဓယမြို့နယ်ဟာ စက်ရုံအလုပ်ရုံများပြားပြီး နိုင်ငံခြားသား အလုပ်သမားတွေ အများဆုံးလာရောက်လုပ်ကိုင်နေကြပါတယ်။ နိုင်ငံခြားသားအလုပ်သမားတွေမှာ မူးယစ်ဆေးဝါး လူကုန်ကူးမှုတွေနဲ့ပါတ်သက်နေသူတွေ ဥပဒေနဲ့ မညီနေထိုင်နေကြတဲ့ အလုပ်သမားတွေကို ထိုင်းတည်ဆဲ ဥပဒေ နဲ့အညီအရေးယူမှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်ပို့မှာဖြစ်တယ်” လို့ ပြောဆိုသွားခဲ့ကြောင်း SAW အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။