အယူခံကို တရားရုံးက ပယ်ချလိုက်တာဖြစ်ပါတယ်။

ပါဘလို ဂါဗီဟာ ဘာစီလိုနာအသင်းရဲ့ အယူခံကို တရားရုံးက ပယ်ချလိုက်ပြီးနောက် နူးကမ့်မှာ ပထမအသင်းကစားသမားအဖြစ် ကစားခွင့်ရှိတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၆ လကမှ လူငယ်ကြယ်ပွင့် ဂါဗီဟာ ၂၀၂၆ ခုနှစ်အထိ နူးကမ့်မှာ ဆက်ရှိနေစေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာဖြစ်ပေမယ့်လည်း ဘာစီလိုနာအသင်းက စပိန်ကွင်းလယ်လူကို ပထမအသင်းကစားသမားအဖြစ် စာရင်းသွင်းဖို့ ကြိုးပမ်းမှုဟာ ၎င်းတို့ရဲ့ ဘဏ္ဍာရေးအကြပ်အတည်းကြောင့် မအောင်မြင်သေးတာဖြစ်ပါတယ်။

 

စပိန်မီဒီယာ Telemadrid စီစဉ်တင်ဆက်သူ ရာမွန် ဖွင်တက်စ်ရဲ့ ပြောကြားချက်အရ ဂါဗီဟာ ပထမအသင်း ကစားသမားမဟုတ်တော့ဘူးလို့ သိရပြီး ဆယ်ကျော်သက်ကွင်းလယ်ကြယ်ပွင့်ကို ပထမအသင်းကစားသမားအဖြစ် စာရင်းသွင်းချင်တယ်ဆိုရင် အသင်းရဲ့ လစာပေးချေမှုပမာဏကို လျှော့ချနိုင်မှသာ ဖြစ်နိုင်မှာဖြစ်ပါတယ်။

 

Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဂါဗီရဲ့ ပထမအသင်း စာချုပ်ကလည်း မှတ်ပုံတင်လို့ရမှာမဟုတ်ဘဲ တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ လူငယ်စာချုပ်ပဲ ပြန်လည် ချုပ်ဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ တရားရုံးဆီကနေ ကြိုတင်ကာကွယ်မှု အစီအမံတွေ သတ်မှတ်ခြင်းခံခဲ့ရပြီးနောက် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဂါဗီကို အောင်အောင်မြင်မြင်နဲ့ မှတ်ပုံတင်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း လာလီဂါက ပြီးတဲ့နောက်မှာ အဲဒီဆုံးဖြတ်ချက်ကို ကတ်တလန်အသင်းက သတ်မှတ်ချိန်ကို လွဲချော်ခဲ့တယ်လို့ အယူခံတင်ခဲ့တာဖြစ်ပါတယ်။

ယခုလအစောပိုင်းမှာ တရားရုံးက လာလီဂါရဲ့  အယူခံကို ထောက်ခံဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း ခိုင်မာတဲ့ ဆုံးဖြတ်ချက်မချနိုင်ခဲ့တာကြောင့် ဂါဗီကို ပထမအသင်းကစားသမားအဖြစ် ဆက်လက် ကစားခွင့်ပေးခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာတော့ ဘာစီလိုနာအသင်းဟာ စီရင်ချက်ကို ဆန့်ကျင်ပြီး အယူခံဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၎င်းတို့ရဲ့ ကြိုးပမ်းမှုက မအောင်မြင်ဘူးလို့ ပြောကြားခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ဂါဗီဟာ ဇူလိုင်လ ၁ ရက်နေ့မှာ ပထမအသင်းကစားသမားအဖြစ် မှတ်ပုံမတင်နိုင်ဘူးဆိုရင် စာချုပ်ဟာ အကျုံးဝင်မှာမဟုတ်တော့ဘူးလို့ ယုံကြည်ရပြီး ဘာစီလိုနာက လစာပမာဏကို လျှော့ချနိုင်မှသာ ဂါဗီကို မှတ်ပုံတင်ခွင့်ရှိမှာဖြစ်ပါတယ်။

 

အဲဒီလို မလုပ်နိုင်ခဲ့ဘူးဆိုရင် ဂါဗီဟာ လူငယ်စာချုပ်နဲ့သာ ရှိနေမှာဖြစ်တာကြောင့် ဥရောပပြိုင်ဘက်အသင်းတွေက အလွယ်တကူ ခေါ်ယူသွားနိုင်မှာဖြစ်ပြီး လီဗာပူးလ်၊ မန်စီးတီး၊ ချဲလ်ဆီးတို့က အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က