ဘရာဇီးလ်ကွင်းလယ်လူက ၄ပွဲအထိ အပယ်ခံရတော့မှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဆောက်သမ်တန်အသင်းနဲ့ပွဲမှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ကတ်စမဲရိုးရဲ့ အနီကတ်ပြစ်ဒဏ်ကို အယူခံမဝင်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ ကတ်စမဲရိုးဟာ ဆောက်သမ်တန်ကစားသမား ကားလို့စ်အယ်လ်ကာရတ်ဇ်ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာက အစောပိုင်းက အဝါကတ်ပြသခဲ့ပေမယ့် VAR ဒိုင်လူကြီးရဲ့အကြံပေးမှုနဲ့ တီဗီမော်နီတာကိုသွားရောက်ကြည့်ပြီး အနီကတ်ပြသဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဘက်ကတော့ ဒီဆုံးဖြတ်ချက်ကို ပြန်ပြောင်းနိုင်ဖို့အတွက် အခွင့်အရေးနည်းတယ်လို့ ယုံကြည်နေတာကြောင့် အယူခံမဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။အဲ့ဒါကြောင့် ကတ်စမဲရိုးဟာ ယူနိုက်တက်အသင်းရဲ့ပြည်တွင်းပွဲစဉ် ၄ ပွဲဖြစ်တဲ့ ဖူလ်ဟမ်နဲ့ အက်ဖ်အေ၊ နယူးကာဆယ်၊ဘရန်ဖိုဒ့်၊အဲဗာတန်တို့နဲ့ ပရီးမီးယားလိဂ်ပွဲကို ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။

ဒီအနီကတ်ဟာ ကတ်စမဲရိုးအတွက် ဒီရာသီ ဒုတိယမြောက်ပြသခံခဲ့ရတဲ့ အနီကတ်ဖြစ်ပြီး ပထမဆုံးပြသခံခဲ့ရတာကတော့ ပဲလေ့စ်နဲ့ ပွဲစဉ်ပါ။ အဲ့ဒီတုန်းကလည်း ယူနိုက်တက်အသင်းဟာ အယူခံမအောင်မြင်ရင် ပွဲပယ်ထပ်ပြီးတိုးနိုင်တာကြောင့် အယူခံမဝင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကတ်စမဲရိုးဟာ ရီးရယ်လ်ကနေ ရောက်လာပြီးကတည်းက ယူနိုက်တက်အသင်းအတွက်ခြေစွမ်းပြသနေပြီး ကာရာဘောင်းဖလားကိုလည်း ရယူပေးထားတာကြောင့် သူမပါဝင်နိုင်မှာက အသင်းအတွက် အများကြီးထိုးနှက်ချက်ဖြစ်လာနိုင်ပါတယ်။

မှတ်တမ်းအချက်အလက်တွေအရ ကတ်စမဲရိုးပါဝင်ကစားပေးချိန်ဆိုရင် ယူနိုက်တက်တိုက်စစ်က ဂိုးတွေပိုရခဲ့သလို ခံစစ်ပိုင်းကလည်း ပေးဂိုးနည်းပါးလေ့ရှိပါတယ်။ ပဲလေ့စ်နဲ့ပွဲမှာ အနီကတ်ထိပြီး သူ ပွဲပယ်ခံရတုန်းကလည်း ယူနိုက်တက်တို့ တော်တော်လေးအခက်တွေ့ခဲ့ရပြီး ရလဒ်ကောင်းတွေပိုင်ဆိုင်နိုင်ဖို့ကို မနည်းအားထုတ်ခဲ့ရပါတယ်။ အရေးကြီးအချိန်အခါမှာ အဓိကကွင်းလယ်လူတဦးကို ဆုံးရှုံးခဲ့ရတာက တန်ဟက်ဂျ်အတွက်လည်း တော်တော်လေးအကျပ်ရိုက်လာမှာ သေချာပါတယ်။ 

Share

Loading Next Article...
က္က