လတ်တလော ရက်ပိုင်းအတွင်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ မြင့်တက်နေတဲ့ ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဆော်ပေါလိုမြို့မှာ လူနာများ အဆမတန်များပြားကာ မနိုင်မနင်းဖြစ်လာပြီး အစိုးရဆေးရုံတွေရဲ့ ကျန်းမာရေးစနစ် ပြိုလဲသွားနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
(Photo: AFP/Getty Images)
ဆော်ပေါလိုမြို့မှာ COVID-19 လူနာတွေကို အရေးပေါ်ကုသရန် ဆေးရုံကုတင် လိုအပ်မှုများ မြင့်တက်လာနေပါတယ်။ ဆော်ပေါလိုမြို့ရဲ့ အစိုးရဆေးရုံတွေမှာ ၉၀ ရာခိုင်နှုန်း ပြည့်နေပြီဖြစ်ပြီး နှစ်ပတ်အတွင်းခန့်မှာ လူနာတွေအတွက် နေရာမရှိနိုင်တော့မယ့် အခြေအနေဖြစ်ကြောင်း မြို့တော်ဝန် ဘရူနိုကိုဗက်စ်က ပြောခဲ့ပါတယ်။ ဆော်ပေါလိုဟာ ဘရာဇီးမှာ COVID-19 ကူးစက်မှု အဆိုးဆုံးဖြစ်ပွားနေတဲ့ နယ်မြေများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၃,၀၀၀ နီးပါးရှိခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။
(Photo: BBC)
ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့ (မေ ၁၆ ရက်) မှာ ထုတ်ပြန်မှုအရ ၂၄ နာရီအတွင်း ကူးစက်ခံရသူ နောက်ထပ် ၇,၉၃၈ ဦး တိုးလာခဲ့ပြီး စုစုပေါင်း COVID-19 လူနာအရေအတွက် ၂၄၁,၀၀၀ ကျော်လွန်လာခဲ့ပြီး စပိန်နဲ့ အီတလီနိုင်ငံတို့ထက် ကူးစက်မှုပိုများလာခဲ့ပါတယ်။
ယခုအခါ ဘရာဇီးက ကမ္ဘာတစ်ဝှမ်း စတုတ္တမြောက် ကူးစက်မှုအများဆုံး နိုင်ငံလည်းဖြစ်လာပါတယ်။ ဘရာဇီးထက် ကူးစက်မှုပိုများတဲ့ နိုင်ငံများအဖြစ် အမေရိကန်၊ ရုရှားနဲ့ ဗြိတိန်တို့သာရှိကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ COVID-19 Dashboard ကိန်းဂဏန်းတွေအရ သိရှိရပါတယ်။
(Photo: Bruno Kelly/Reuters)
ထို့အတူ မေ ၁၆ ရက် စာရင်းတွေအရ ဘရာဇီးမှာ COVID-19 သေဆုံးသူအရေအတွက်ဟာလည်း ၂၄ နာရီအတွင်း နောက်ထပ် ၄၈၅ ဦးတိုးလာပြီး စုစုပေါင်း ၁၆,၁၁၈ ဦးသို့ မြ့င်တက်လာခဲ့ပါတယ်။ ဘရာဇီးဟာ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး ပဥ္စမမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ တောင်အမေရိကမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်ဖြစ်နေတဲ့ ဘရာဇီးမှာ ဗိုင်းရပ်စ် စစ်ဆေးနိုင်မှု နည်းပါးခြင်းကြောင့် COVID-19 ကြောင့် သေဆုံးသူဦးရေဟာ ယခုထက်ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။