လိဒ်ယူနိုက်တက်နဲ့ မန်ချက်စတာယူနိုက်တက်ပွဲကတော့ ပြီးခဲ့တဲ့တပတ်ကလို အပြန်အလှန်သွင်းဂိုးတွေကို ပထမပိုင်းမှာ မမြင်တွေ့ခဲ့ရပါဘူး။ အထူးသဖြင့် ယူနိုက်တက်က ခံစစ်ပိုင်းမှာ ဗာရန်းနဲ့ မာတီနက်ဇ်ကို ချန်ထားလို့ အခြေအနေပိုဆိုးသွားပြီး ကစားကွက်တောင် ကောင်းကောင်းတည်မရအောင်ဖြစ်ခဲ့ရပြီး လိဒ်က ကွင်းလယ်ပိုင်းအသာစီးရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူတို့က အစောပိုင်းမှာ သိသိသာသာဖိအားပေးခဲ့ပြီး ခြိမ်းခြောက်မှုတွေလည်း ပိုလုပ်နိုင်ခဲ့တာပါ။
ပွဲချိန်ကြာလာချိန်မှာမှ ယူနိုက်တက်ကွင်းလယ်က နည်းနည်းပြန်ငြိမ်သွားပါတယ်။ ဒါတောင်မှ အလုပ်မဖြစ်ခဲ့ဘဲ ရုန်းကန်နေရပြီး ခံစစ်မှာလည်း မက်ဂွိုင်းယားက ကို့ရိုးကားယားတွေ လုပ်ခဲ့ပြီး သူ့ဟာသူ မနည်းပြန်အဖတ်ဆယ်နေရပါတယ်။ ယူနိုက်တက်ခြေစွမ်းက စိတ်ပျက်စရာကောင်းခဲ့ပြီး အခွင့်အရေးတွေ အပိုင်ရချိန်မှာလည်း အသုံးမချနိုင်ခဲ့ပါဘူး။ ပထမပိုင်းပြီးခါနီးမှာ အပိုင်အခွင့်အရေးတွေရခဲ့တာဖြစ်ပြီး ထောင့်ကန်ဘောတွေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
ပွဲက ဒုတိယပိုင်းမှာ ပိုသွက်လာပြီး လိဒ်ရဲ့ ခြိမ်းခြောက်မှုတွေက တော်တော်လေးကြောက်စရာကောင်းခဲ့ပါတယ်။ မာတီနက်ဇ်ကို ထည့်ပြီး ယူနိုက်တက်တို့ ထိန်းခဲ့ရတဲ့အထိပါ။ ဒါလေ့ာရဲ့ အပိုင်ကန်ချက် တိုင်ထိထွက်ပြီး ယူနိုက်တက်တို့ နစ်နာခဲ့ရပါသေးတယ်။ မက်ဂွိုင်းယားကတော့ အမှားတွေများနေပြီး သူဘောလုံးရတိုင်း ယူနိုက်တက်ပရိသတ်တွေ ဘုရားတနေရမှာ သေချာပါတယ်။
ပွဲကစားချိန် ၈၀ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုးရသွားခဲ့ပါတယ်။ ဆာဘစ်ဇာရဲ့ လုခ်ရှောကို ကွင်းလယ်ကနေ ကန်တင်ပေးမှုကတဆင့် လုခ်ရှောက ထပ်ဆင့်ကန်တင်ပေးခဲ့တာကို ရက်ရှ်ဖို့ဒ်က ခေါင်းတိုက်အဆုံးသတ်သွးခဲ့တာပါ။ ဒီဂိုးကို VAR ပြန်ကြည့်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်လူမကျွံခဲ့လို့ ဂိုးရသွားခဲ့ပါတယ်။ ၈၅ မိနစ်မှာတော့ ဂါနာချိုက ဝက်စ်ဟော့ရဲ့ လှလှပပပေးပို့မှုကနေ နောက်ထပ်တဂိုးထပ်သွင်းကာ ယူနိုက်တက်တို့ အနိုင်သေချာစေမယ့်ရလဒ်ဖြစ်ခဲ့ပြီး ၂-၀ နဲ့ အနိုင်ရသွားခဲ့ပါတယ်။