ကစားသမားဘဝ နောက်ထပ် အပြောင်းအရွှေ့ကို ဆုံးဖြတ်ဖို့အတွက် ဖာဂူဆန်က အချိန် ၅ မိနစ်သာ ပေးခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဖရေဇာ ကမ်းဘဲလ်က အိုးထရက်ဖို့ဒ်က အနာဂတ်ကို ဆုံးဖြတ်ဖို့အတွက် ဖာဂူဆန်က အချိန် ၅ မိနစ်သာ ပေးခဲ့တဲ့အကြောင်းကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

ဟက်စ်ဒါစ်ဖီးလ်တောင်း၊ ဟားလ်စီးတီး၊ ကာဒစ်ဖ်စီးတီးတိုက်စစ်မှူးဟောင်းဟာ ၂၀၀၇ ခုနှစ် သြဂုတ်လမှာ ဖာဂူဆန်လက်အောက်မှာ ပထမဆုံးစီနီယာပွဲစဉ်ကို ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး အဲဒီရာသီမှာပဲ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဖာဂူဆန်ဟာ ကစားသမားကို မကိုးကွယ်တတ်တဲ့နည်းပြအဖြစ် လူသိများကျော်ကြားပြီး အဲရစ် ကန်တိုနာလိုမျိုး ဂျစ်ကန်ကန်နိုင်တဲ့ကစားသမားမျိုးဆီကနေတောင် အကောင်းဆုံးပုံစံကို ရရှိအောင် နည်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

ကမ်းဘဲလ်က ဖာဂူဆန်နဲ့ပတ်သက်တဲ့ နောက်ထပ် အံ့အားသင့်ဖွယ် ဇာတ်လမ်းတစ်ပုဒ်ကို ဖွင့်ဟခဲ့ပြီး အိုးထရက်ဖို့ဒ်ကို ဘာဘာတော့ဗ်ရဲ့ အပြောင်းအရွှေ့မှာ ၎င်းရဲ့အခန်းကဏ္ဍက အဓိကကျခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ MUTV ရဲ့ UTD Podcast နဲ့ အင်တာဗျူးမှာ ကမ်းဘဲလ်က ၂၀၀၈ ခုနှစ်တုန်းက အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့က ဖြစ်စဉ်ကို ပြန်ပြောင်းပြောကြားခဲ့ပြီး ၎င်းရဲ့ ကစားသမားဘဝ နောက်ထပ် အပြောင်းအရွှေ့ကို ဆုံးဖြတ်ဖို့အတွက် ဖာဂူဆန်က အချိန် ၅ မိနစ်သာ ပေးခဲ့တာ ဖြစ်ပါတယ်။

"အဲဒါက နိုင်ငံတကာပွဲစဉ်အားလပ်ရက်ပါ။ အဲဒီတော့ ကျွန်တော်က အင်္ဂလန်ယူ-၂၀ လား၊ ၂၁ လားမသိဘူး။ သူတို့နဲ့ ရှိနေခဲ့တယ်။ ကျွန်တော် အငှားထွက်ကစားရတော့မယ်ဆိုတာကိုတော့ သိတယ်။ ကျွန်တော် စတိဗ် ဘရုစ်နဲ့ ထိုင်နေခဲ့တယ်။ သူက အဲဒီတုန်းက ဝီဂန်မှာ နည်းပြနေခဲ့တာပါ။ အဲဒီတော့ ကျွန်တော် ဝီဂန်ကို အငှားနဲ့ ထွက်ကစားတော့မှာပါ။ လူတွေကိုတောင် စကားပြောဆိုနေပြီး လက်မှတ်ထိုးဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေ ဖက်စ်နဲ့ပို့လာတာကို ထိုင်စောင့်နေတာပေါ့။ အဲဒါနည်းနည်းကြာတော့ ရောက်လာတယ်"


"ဒီဖက်စ် ရောက်လာမှာကို စောင့်ဆိုင်းနေတဲ့အချိန်မှာ ကျွန်တော် မသိတဲ့နံပါတ်တစ်ခုဆီကနေ ဖုန်းဝင်လာတယ်။ အဲဒီတော့ ကျွန်တော်လည်း ဟယ်လိုပေါ့။ ပြီးတော့ အိုး ဖရေဇာလား။ ငါ ဆာအဲလက်စ်ပါ။ ငါမင်းကို ၅ မိနစ်အတွင်း ဖုန်းပြန်ဆက်မယ်။ မင်းငါ့ကို အဖြေပေးဖို့လိုအပ်လိမ့်မယ်။ ဒါပေမယ့် ငါ ဒီမှာ ဘာဘာတော့ဗ်အတွက် သဘောတူညီမှု ရတော့မယ်။ အဲဒါက ပေါင်သန်း ၃၀ နဲ့ပဲ။ အဲဒါက မင်း အဲဒီကို(စပါးစ်)အငှားနဲ့ သွားကစားဖို့ သဘောတူညီမှပဲ အပြောင်းအရွှေ့ဖြစ်မြောက်မှာ။ အဲဒီတော့ ငါ မင်းကို နောက်ထပ် ၃ မိနစ်၊ ၄ မိနစ်လောက်နေရင် မင်းရဲ့ ဆုံးဖြတ်ချက်ကို သိရဖို့ ဖုန်းပြန်ဆက်မယ်။ မင်းနဲ့ မိနစ်အပိုင်းအတွင်းမှာ စကားထပ်ပြောမယ်ဆိုပြီး ဆာအဲလက်စ်က ပြောတယ်။ အဲဒါက အဲဒီလိုဖြစ်ခဲ့တာပါ"

အဲဒီအချိန်တုန်းက အသက် ၂၀ သာ ရှိသေးတဲ့ ကမ်းဘဲလ်ဟာ ၂၀၀၈-၂၀၀၉ ရာသီကို ဘာဘာတော့ဗ်အတွက် အလိုက်အနေနဲ့ ဝှိုက်ဟာ့တ်လိန်းကို အငှားနဲ့ သွားကစားခဲ့ရပါတယ်။ ဘူဂေးရီးယားကြယ်ပွင့်ဟာ ဖာဂူဆန်လက်အောက်မှာ ၁၄၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၅၆ ဂိုး သွင်းယူနိုင်ခဲ့ပြီး အိုးထရက်ဖို့ဒ် သမိုင်းစာအုပ်ထဲမှာ ဂန္တဝင်တစ်ဦးအဖြစ် ကမ္ဗည်းထိုးနိုင်ခဲ့ပါတယ်။

"ကျွန်တော် ဟင့်အင်းလို့ ပြောဖို့ ခက်ခဲ့တယ်။ အဲဒီတော့ စတိဗ်ကို ပြောပြခဲ့တယ်။ သူက ဟာ မင်းငါ့ကို အသေသတ်နေတာလား။ ငါ မင်းကို ဝီဂန်သွားဖို့ လာခေါ်တာလေဆိုပြီး ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ဖာဂီကို ဖုန်းပြန်ဆက်ပြီး ဟင့်အင်း ရိုးရိုးသားသားပြောရရင် ကျွန်တော်တော့ အဲဒီလို မလုပ်ချင်ဘူးလို့ မပြောနိုင်ခဲ့ဘူး။ အဲဒီလိုပြောလိုက်ရင်လည်း အဆင်ပြေမယ်လို့ ကျွန်တော် မထင်ပါဘူး။ အဲဒီတော့ ကျွန်တော်က 'အင်း။ ကျွန်တော် စပါးစ်ကို သွားရတော့မယ့်ပုံပဲ'လို့ပဲ ပြောခဲ့ရတယ်။ အဲဒီလိုမျိုး ဖြစ်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က