အမေရိကန် စီးပွာရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူအားလုံး မဖြစ်မနေ COVID-19 ကာကွယ်ဆေးထိုးရန် သတ်မှတ်သွားမယ့် သမ္မတဂျိုးဘိုင်ဒန်ရဲ့ အစီအစဥ်ကို အယူခံဆိုင်ရာ တရားရုံးတစ်ရုံးက ယာယီပိတ်ပင်လိုက်ပါတယ်။
ဂျိုးဘိုင်ဒန် စီစဥ်နေတဲ့ စည်းမျဥ်းသတ်မှတ်ချက်အရ ဝန်ထမ်းအင်အား ၁၀၀ ကျော်ရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေဟာ COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးရန် လိုအပ်မှာဖြစ်ကြောင်း သို့မဟုတ် COVID-19 စစ်ဆေးမှုကို အပတ်စဥ် လုပ်ဆောင်ရမှာဖြစ်ကြောင်း သိရပါတယ်။
အယူခံတရားရုံးက ယခုစည်းမျဥ်းသတ်မှတ်ချက်ဟာ ကြီးလေးတဲ့ ဥပဒေပြဌာန်းသတ်မှတ်ချက်နဲ့ အခြေခံဥပဒေဆိုင်ရာကိစ္စရပ်ဖြစ်နေကြောင်း သုံးသပ်ခဲ့ပြီး ကာကွယ်ဆေး မဖြစ်မနေထိုးရမယ့် စည်းမျဥ်းသတ်မှတ်ချက်ကို ဆိုင်းငံ့လိုက်ပါတယ်။ ဂျိုးဘိုင်ဒန်အစိုးရအနေနဲ့ ယခုကိစ္စနဲ့ ပတ်သက်ပြီး တနင်္လာနေ့ (နိုဝင်ဘာ ၈ ရက်) နောက်ဆုံးထားပြီး အကြောင်းပြန်ရန် ညွှန်ကြားထားပါတယ်။
(Photo: Getty Images)
သမ္မတဂျိုးဘိုင်ဒန်က ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ယခုပြဌာန်းသတ်မှတ်ချက်ကို လာမယ့်နှစ် ဇန်နဝါရီလမှာ စတင်သက်ရောက်ရန် ရည်မှန်းထားတာလည်း ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကင် ကြီးစိုးထားတဲ့ တက္ကဆက်၊ လူဝီစီးယားနား၊ မစ္စစ္စပီ၊ တောင်ကာရိုလိုင်းနားနဲ့ ယူတား ပြည်နယ်ငါးခု၊ ပုဂ္ဂလိ ကုမ္ပဏီများနဲ့ ဘာသာရေးအုပ်စုတွေက ဂျိုးဘိုင်ဒန်အစိုးရက သတ်မှတ်ပြဌာန်းချက်ကို တရားရုံးမှာ ကန့်ကွက်အရေးဆိုခဲ့ကြပါတယ်။
သမ္မတက ၎င်းရဲ့ အခွင့်အာဏာ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းတို့က စွပ်စွဲထားပါတယ်။ လူဝီစီးယားနားပြည်နယ် ရှေ့နေချုပ် Jeff Landry က တရားရုံးဆုံးဖြတ်ချက်ဟာ "အလုပ်အကိုင်ဖန်တီးသူတွေနဲ့ ၎င်းတို့ရဲ့ ဝန်ထမ်းတွေရဲ့ လွတ်လပ်မှုအတွက် ကြီးမားတဲ့ အောင်ပွဲတစ်ခု" ဖြစ်တယ်လို့ Twitter မှာ ရေးသားထားပါတယ်။ အကယ်၍ တရားရုံးဆုံးဖြတ်ချက်အတိုင်း အတည်ပြုခဲ့ပါက ဂျိုးဘိုင်ဒန်အစိုးရရဲ့ ကာကွယ်ဆေးထိုးမှု အစီအစဥ် တိုးချဲ့လုပ်ဆောင်မှုကို ထိုးနှက်ချက်တစ်ခု ဖြစ်လာမယ်လို့ ဆိုပါတယ်။
(Photo: WBTW)
သမ္မတဂျိုးဘိုင်ဒန်ကတော့ ၎င်းတို့စီစဥ်နေတဲ့ ပြဌာန်းသတ်မှတ်ချက်က နိုင်ငံရဲ့အလုပ်သမား သုံးပုံနှစ်ပုံကျော်အတွက် အကျုံးဝင်ပြီး လုပ်ငန်းခွင်မှာ ဘေးကင်းလုံခြုံမှု စံသတ်မှတ်ချက်ဖြစ်လာမယ်လို့ ဆိုပါတယ်။ ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေဟာ လာမယ့် ဇန်နဝါရီ ၄ ရက်မှာ COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီး ဖြစ်ရမယ်လို့ ကြာသပတေးနေ့ (နိုဝင်ဘာ ၄ ရက်) မှာ ပြောခဲ့ပါတယ်။
ကာကွယ်ဆေးထိုးခြင်းက ကပ်ရောဂါဘေးကနေ လွတ်မြောက်မယ့် တစ်ခုတည်းသော အကောင်းဆုံးလမ်းကြောင်းဖြစ်တယ်လို့လည်း သမ္မတဂျိုးဘိုင်ဒန်က ဆိုပါတယ်။ အမေရိကန်ရှိ စီးပွားရေးလုပ်ငန်း အများအပြားက ၎င်းတို့ရဲ့ ဝန်ထမ်းတွေကို COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးရန် လိုအပ်ကြောင်း သတ်မှတ်ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ စစ်တပ်နဲ့ ဖက်ဒရယ်အဆင့် ပူးပေါင်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီလုပ်ငန်းတွေရဲ့ ဝန်ထမ်းတွေဟာလည်း ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားရန် လိုအပ်ပါတယ်။
(Photo: BBC)
သို့သော် ထိုကာကွယ်ဆေးအစီအစဥ်ကို ဆန့်ကျင်ကန့်ကွက်သူတွေကတော့ သမ္မတတစ်ဦးအနေနဲ့ ကာကွယ်ဆေးထိုးခြင်းနဲ့ ပတ်သက်ပြီး ယခုကဲ့သို့ တစ်နိုင်ငံလုံးကို ပြဌာန်းသတ်မှတ်ချက်ထုတ်ခြင်းဟာ အခြေခံဥပဒေနဲ့မညီဘူးလို့ ပြောဆိုကြပါတယ်။ ရီပတ်ဘလစ်ကင်တစ်ဦးဖြစ်သူ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ကာကွယ်ဆေးထိုးခြင်းနဲ့ mase တပ်ခြင်းကို အစိုးရက မလုပ်မနေရ ပြဌာန်းသတ်မှတ်ချက်ထုတ်ခြင်းကို ကန့်ကွက်ကြောင်းနဲ့ တရားရုံးဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောခဲ့ပါတယ်။
"ဘိုင်ဒန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘဲ အာဏာအလွှဲသုံးစားလုပ်မှုကို တရားရုံးမှာ အရေးဆိုတိုက်ပွဲဝင်ဖို့ ကျွန်တော်တို့နေ့ ရှိလာပါမယ်" လို့ ၎င်းကဆိုပါတယ်။ သို့သော် အမေရိကန်အစိုးရ အလုပ်သမားဌာန ရှေ့နေ့ Seema Nanda ကတော့ ယခုကိစ္စကို တရားရုံးမှာ ခုခံချေပသွားရန် အပြည့်အဝ ပြင်ဆင်ထားကြောင်း ပြောခဲ့ပါတယ်။