ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဆာဒီယိုမာနေးကတော့ ဘွန်ဒက်လီဂါအဖွင့်ဂိုးကိုလည်း ပထမဆုံးပွဲကစားအပြီးမှာပဲ ရရှိခဲ့ပြန်ပါပြီ။ ဘိုင်ယန်အတွက် ပထမဆုံးအကြိမ် ခြေစမ်းပွဲကစားခဲ့ရာမှာလည်း မာနေးက ဂီုးသွင်းနိုင်ခဲ့သလို ဂျာမန်စူပါဖလားပွဲမှာလည်း တဂိုးထပ်ရခဲ့ကာ အခုအခါမှာလည်း ပထမဆုံးဘွန်ဒက်လီဂါဂိုးကို ပထမဆုံးဘွန်ဒက်လီဂါပွဲမှာပဲ ရရှိခဲ့တာဖြစ်ပါတယ်။
အဝေးကွင်းမှာ ဖရန့်ဖတ်ကို ဘိုင်ယန်က ၁-၆ နဲ့ အနိုင်ရရှိခဲ့ရာမှာ မာနေးက အသင်းအတွက် တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆီနီဂေါတိုက်စစ်မှူးက ဘိုင်ယန်အတွက် ကစားပေးခဲ့တဲ့ ပထမဆုံးဆိုတဲ့ ပြိုင်ပွဲတွေမှာ ဂိုးတွေသွင်းယူနိုင်ခဲ့တာက ထူးခြားမှုတခုအဖြစ်ရှိနေခဲ့ပြီး ဘွန်ဒက်လီဂါမှာလည်း သူ့ရဲ့ အစွမ်းအစကို ထပ်မံပြီးတော့ ပြသနိုင်ဦးမယ့် သဘောမှာရှိနေပါတယ်။
ယူရိုပါလိဂ်ချန်ပီယံဖရန့်ဖတ်ကတော့ အိမ်ကွင်းမှာ ဘိုင်ယန်ကို ဘယ်လိုမှယှဉ်မကစားနိုင်ခဲ့ဘဲ နူအာရဲ့ ပေါ့ဆမှုကြောင့်သာ သိက္ခာဆယ်သွင်းဂိုးတဂိုး ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ အမှတ်ပေဖလားကို ပြိုင်ဘက်မရှိရယူနေတဲ့ ဘိုင်ယန်အတွက်တော့ အဖွင့်ပွဲမှာတင်ကြီးမားတဲ့ဂိုးပြတ်နိုင်ပွဲကို ရရှိခဲ့ကာ ဒီရာသီမှာလည်း သူတို့ပဲ ကြီးစိုးနေဦးမယ်ဆိုတာကို ပြသသွားခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဆာဒီယိုမာနေးက အသင်းပရိသတ်တွေနဲ့အတူ သွားရောက်အောင်ပွဲခံခဲ့ပါသေးတယ်။ ပွဲကြည့်စင်ပေါ်အထိတက်ကာ ပရိသတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ရှိနေခဲ့ပြီး ကစားသမားသစ်တဦးဆိုပေမယ့် နှစ်ပေါင်းများစွာကစားလာခဲ့သူတဦးနှယ် မာနေးက ရှိနေခဲ့ပြီး ပရိသတ်တွေကလည်း သူ့ရဲ့အပြုအမူအတွက် ပျော်ရွှင်နေခဲ့ကြပါတယ်။
ဖရန့်ဖတ်ကတော့ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ဥရောပစူပါဖလားပွဲ ကစားရဖို့ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိပုံစံအတိုင်းဆိုရင်တော့ သူတို့အနေနဲ့ ဆုဖလားရယူချင်တယ်ဆိုရင် တိုးတက်မှုတွေရှိဖို့ လိုအပ်နေပြီဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင်တော့ ရီးရဲလ်မက်ဒရစ်ကပဲ ဥရောပစူပါဖလားကို အလွယ်တကူသိမ်းပိုက်သွားနိုင်မယ့် အနေအထားမှာရှိနေပါတယ်။