စပါးတိုက်စစ်မှူးဟယ်ရီကိန်းကတော့ ဘိုင်ယန်ကို ပြောင်းခွင့်ရဖို့အတွက် သူ့ကိုယ်သူ ပြန်ဝယ်ဖို့တောင် လုပ်နေပါပြီ။ ဂျာမနီသတင်းတွေအရ ဘိုင်ယန်ရဲ့ ကမ်းလှမ်းမှုမှန်သမျှကို စပါးက ငြင်းဆန်နေလို့ ကစားသမားဘက်က စိတ်ပျက်လာတယ်လို့ ဆိုပါတယ်။
ဘိုင်ယန်က ကိန်းအတွက် နောက်ဆုံးအကြိမ်ကမ်းလှမ်းမှုဟာ ပေါင် ၈၁.၆ သန်းအထိ ရှိပြီး သူတို့အတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပါ။ ဒါပေမယ့် စပါးကတော့ ငြင်းဆန်ခဲ့ပြီး ဟယ်ရီကိန်းအတွက် ပေါင်သန်း ၁၀၀ အထိ ရယူချင်တဲ့ သူတို့ရဲ့ ဆန္ဒကို မစွန့်လွှတ်ဘဲ ရှိနေဆဲပါ။
ဒါကြောင့် ကိန်းအနေနဲ့ စပါးနဲ့ လက်ကျန်စာချုပ် ၁ နှစ်အတွက် လုပ်ခလစာ ပေါင် ၂၀.၆ သန်းကို မယူတော့ဖို့ ဆုံးဖြတ်လာနိုင်တယ်လို့ ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။ ဒါဟာ ဘိုင်ယန်နဲ့ စပါးတို့ကြား ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရဖို့ ကူညီပေးနိုင်တာမျိုး ဖြစ်လာနိုင်တယ်လို့လည်း ယူဆရပါတယ်။
နောက်ဆုံး ဘယ်လိုမှ မရရင်တော့ ကိန်း တယောက် ဒီနည်းလမ်းကို တကယ်ပဲ အသုံးပြုမလား စောင့်ကြည့်ရပါမယ်။ အရင်ကလည်း ကစားသမားတွေအနေနဲ့ ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်ပြီး အသင်းပြောင်းတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။ ဒီတခါကတော့ ဟယ်ရီကိန်းအလှည့်ရောက်လာပြီလား မသိပါဘူး။