ဘိုင်ယန်မြူးနစ်အသင်းသားတွေဟာ မနေ့က သူတို့ရဲ့ နှစ်စဥ်နှစ်တိုင်း ပြုလုပ်နေကျဖြစ်တဲ့ ပြည်တွင်းဘီယာကုမ္ပဏီတခုဖြစ်တဲ့ ပေါ်လာနာအတွက် အသင်းလိုက် စပွန်ဆာဓာတ်ပုံကို ရိုက်ကူးပေးခဲ့ပါတယ်။ ဒီလိုမျိုး ရိုက်ကူးကြတဲ့နေရာမှာ ဘိုင်ယန်မြူးနစ်ကစားသမားတွေက ဘီယာအပြည့်ထည့်ထားတဲ့ ခွက်တွေကို ကိုယ်စီကိုင်ဆောင်ထားခဲ့ကြပါတယ်။
ဒါပေမယ့် ဒီလိုမျိုးမကိုင်ဆောင်ခဲ့တာကတော့ နှစ်ယောက်သာရှိပြီး လီဗာပူးကနေ ပြောင်းရွှေ့လာတဲ့ မာနေးနဲ့ အေဂျက်စ်ကနေ ပြောင်းရွှေ့လာတဲ့ မာဇာရူအီတို့ဖြစ်ကြပါတယ်။ မာနေးဟာ ဆီနီဂေါနိုင်ငံသား၊ မာဇာရူအီက မော်ရိုကိုနိုင်ငံသားပါ။ သူတို့တွေဟာ မွတ်ဆလင်တွေဖြစ်ကြပြီး အရက်ဘီယာသောက်သုံးခြင်းကို ဘာသာရေးအရ ပြင်းပြင်းထန်ထန် ပိတ်ပင်ခံထားရသူတွေလည်းဖြစ်ပါတယ်။
မာနေးဆိုရင် ဘာသာတရားကို အထူးကိုင်းရှိုင်းပြီး အသင်းသားတွေနဲ့ ချန်ပီယံဖြစ်လို့ အောင်ပွဲခံချိန်မှာတောင် ရှန်ပိန်ဖောက်ရင် ခပ်ဝေးဝေးသွားနေလေ့ရှိပါတယ်။ အခု ရိုက်ကူးမှုမှာလည်း မာနေးနဲ့ မာဇာရူအီနှစ်ယောက်လုံးက ဘီယာခွက်ကို ကိုင်ဆောင်ထားခြင်းမရှိဘဲ လက်ဗလာနဲ့သာ ရိုက်ကူးခဲ့ပါတယ်။ ဒီအတွက် စပွန်ဆာကုမ္ပဏီဘက်ကရော၊ အသင်းဘက်ကရော၊ ကစားသမားတွေဘက်ကရော ဘာပြဿနာမှမရှိဘဲ ပျော်ပျော်ရွှင်ရွှင်ပဲ ရိုက်ကူးခဲ့ကြပါတယ်။
ပရိသတ်တွေကလည်း မာနေးရဲ့လုပ်ရပ်ကို ချီးကျူးနေကြဆဲဖြစ်ပြီး “မာနေးက အသင်းဖော်တွေနဲ့ စပွန်ဆာဓာတ်ပုံရိုက်ချိန်မှာတောင် ဘီယာခွက်ကို မကိုင်ထားခဲ့ဘူး” “မာနေးကိုကြည့်လိုက်ပါဦး။ သူ့လက်ထဲမှာ ဘီယာခွက်ကိုတောင် မကိုင်ထားခဲ့ဘူး။ ဘယ်လောက်ကောင်းလိုက်တဲ့ မွတ်ဆလင်တယောက်လဲဗျာ” “သူ့ရဲ့ယုံကြည်သက်ဝင်မှုအတွက် ဘီယာခွက်ကို ကိုင်တောင်မကိုင်တဲ့ မာနေးကို လေးစားပါတယ်” “မာနေးနဲ့ မာဇာရူအီတို့နှစ်ယောက်လုံးကို လေးစားပါတယ်” လို့ အသီးသီးမှတ်ချက်ပြု ချီးကျူးနေကြပါတယ်။
ဂျာမနီနိုင်ငံဟာ ဘီယာနဲ့ ရေပန်းစားကျော်ကြားတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ဘိုင်ယန်မြူးနစ်တို့ ချန်ပီယံဖြစ်တိုင်းလည်း ဘီယာကို ပေါပေါသီသီ အသုံးပြုကာ အောင်ပွဲခံလေ့ရှိပါတယ်။ ပရိသတ်တွေကတော့ မာနေးတယောက် ဘိုင်ယန်မြူးနစ်ကိုရောက်လာတာ ဘောလုံးကန်ဖို့သာဖြစ်ကြောင်း၊ ဘီယာသောက်ဖို့မဟုတ်ကြောင်းလည်း မှတ်ချက်ပြုခဲ့ကြပါသေးတယ်။