အမှတ်ပေးဖလားအတွက် မန်စီးတီးကို အမီပြန်လိုက်ဖို့ အားထုတ်နေရတဲ့ လီဗာပူးလ်ဟာ ဗီလာကို အဝေးကွင်းမှာ မာနေးရဲ့ အနိုင်ဂိုးကြောင့် ၁-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဗီလာက ပွဲစပြီး သိပ်မကြာခင်မှာပဲ ဦးဆောင်ဂိုးသွင်းခဲ့လို့ လီဗာပူးလ်တို့ ရုန်းကန်ခဲ့ရပြီး ချေပဂိုးကို မြန်မြန်ဆန်ဆန်ပြန်ရသွားတာက ကံကောင်းခဲ့ရကာ ဒုတိယပိုင်းမှာ မာနေးက အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်ကို ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေတဲ့ မာနေးအတွက် ဒီရာသီမှာ လိဂ်ဂိုး ၁၅ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပြိုင်ပွဲစုံသွင်းဂိုးကတော့ ၂၂ ဂိုးအထိရှိလာခဲ့ပြီး အရေးပါတဲ့ဂိုးကို သွင်းယူပေးခဲ့တဲ့ သူကို နည်းပြကလော့ပ်က စက်တခုအဖြစ် ပွဲအပြီးမှာ တင်စားပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ကလော့ပ်က "ပွဲအပြီးမှာ မင်းက စက်တလုံးပဲလို့ ကျနော်သူ့ကို သွားပြောခဲ့တယ်၊ အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမား၊ ရုပ်ပိုင်းဆိုင်ရာကလည်း အရမ်းအားကောင်းလွန်းတယ်၊ သူ့ရဲ့ နည်းစနစ်ကလည်း ကောင်းတယ်၊ သူ့ရဲ့ ဆန္ဒ၊ နည်းစနစ်နဲ့ ရုပ်ပိုင်းဆိုင်ရာကို ပေါင်းစပ်လိုက်ချိန်မှာ သူက ပြင်းထန်ကြမ်းတမ်းတဲ့ကစားသမားတဦးဖြစ်လာတာပဲ"
"ထိပ်တန်းသွင်းဂိုး၊ အရမ်းကောင်းတယ်၊ ကမ္ဘာ့အဆင့်ကစားသမား" လို့ ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။ ဒါဟာ ဘိုင်ယန်ကို ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေတဲ့ သူ့ကစားသမားကို ကလော့ပ်က စကားလုံးတွေနဲ့ ချီးမြှောက်လိုက်တာဖြစ်ပြီး အသင်းမှာဆက်ရှိနေစေဖို့အတွက် ပါးပါးနပ်နပ်နဲ့ ကြိုးစားခဲ့တာလို့လည်း ယူဆရဖွယ်ရှိကာ မာနေးရဲ့ စိတ်အခြေအနေ ပြောင်းလဲလာဖို့ လုပ်ခဲ့တယ်လို့လည်း ထင်မြင်ရပါတယ်။
လက်ရှိမှာတော့ လီဗာပူးလ်ဟာ မန်စီးတီးနဲ့ ရမှတ်ူတသွားခဲ့ပြီဖြစ်ပြီး မန်စီးတီးကတော့ လာမယ့်ပွဲကို အနိုင်ရအောင် ကစားရဖို့ ဖိအားတွေရှိနေပြီဖြစ်ပါတယ်။