အကောင်းဆုံးအချိန်တွေက စိန်ခေါ်မှုမရှိဘဲ ကုန်ဆုံးတော့မှာလို့ ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းတိုက်စစ်မှူးဟောင်းတဦးဖြစ်သူ ဒင်းဆောင်းဒါးစ်က ဘိုင်ယန်မြူးနစ်ကို မာနေးပြောင်းရွှေ့သွားတာဟာ သူ့ရဲ့ ကစားသမားဘ၀ အကောင်းဆုံးအချိန် ၂ နှစ်ကို ဖျက်ဆီးပစ်လိုက်တာပဲလို့ ပြောဆိုလိုက်ပါတယ်။ talkSPORT ကတဆင့် ပြောဆိုခဲ့တာဖြစ်ပြီး အပတ်တိုင်းမှာ ၅-၀ နဲ့ အနိုင်ရနေတဲ့ အသင်းကို ပြောင်းရွှေ့ပြီး ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်မှာလဲလို့လည်း ဆောင်းဒါးစ်က မေးခွန်းထုတ်ခဲ့ပါတယ်။ 

မာနေးဟာ ဘိုင်ယန်နဲ့အတူ ဒီနေ့မှာ​ ဆေးစစ်မှုတွေ ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ဆီနီဂေါတိုက်စစ်မှူးဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းတနှစ်ကျန်ရှိနေသေးပေမယ့် လုပ်ခလစာနည်းပါးမှု၊ အသင်းဖော်ဆာလာကိုပဲ ပိုမိုမျက်နှာသာပေးနေမှုတွေအပေါ်မှာ မကျေနပ်မှုတွေရှိနေတာကြောင့် အန်ဖီးလ်က ထွက်ခွာခဲ့တာဖြစ်တယ်လို့လည်း အားလုံးက ယူဆနေကြပါတယ်။ 

ဆောင်းဒါးစ်က "ဘိုင်ယန်မြူးနစ်ကို ကျနော်မကောင်းပြောချင်တာမျိုး မရှိပါဘူး၊ ဘိုင်ယန်က ထိပ်တန်းအသင်းတသင်းဖြစ်ပါတယ်၊ ဒါပေမယ့် ဘွန်ဒက်လီဂါက မာနေးအတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလို့လဲ၊ အဲဒီမှာလည်း သူ ဂိုးတွေသွင်းနေဦးမှာပါပဲ၊ ဘိုင်ယန်က အပတ်တိုင်းမှာ ၅-၀ နဲ့ အနိုင်ရနေပြီးတော့ အမှတ်ပေးဖလားကိုလည်း တသင်းတည်းကပဲ ရယူနိုင်နေတာပါ"

"မားနေးက သူ့ရဲ့ ကစားသမားဘ၀ အကောင်းဆုံးအချိန် ၂ နှစ်လောက်ကို သူကိုယ်တိုင်ပဲ ဖျက်ဆီးလိုက်တာပါ" လို့ ပြောဆိုခဲ့ပါတယ်။ မာနေးအတွက် ဘိုင်ယန်မြူးနစ်ဟာ ပေါင် ၃၁.၅ သန်းအထိ ပေးချေရမှာဖြစ်ပြီး လစာအဖြစ်နဲ့လည်း လီဗာပူးလ်မှာ မာနေးရရှိနေတာရဲ့ ၂ဆခွဲအထိကို ပေးချေသွားမယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြနေကြပါတယ်။ 

မာနေးက လီဗာပူးလ်နဲ့အတူ ကလပ်အဆင့်မှာ ရယူနိုင်သမျှ ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပြိးဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ ပြီးခဲ့တဲ့နှစ်အောင်မြင်မှုတွေမှာလည်း မာနေးက အဓိကကျတဲ့ ကစားသမားအဖြစ်ပါဝင်ခဲ့ပါတယ်။ 

Share

က္က