ကင်မစ်ချ်ကို စိတ်ဝင်စားနေတာပါ။

ဘာစီလိုနာဟာ ဘိုင်ယန်မြူးနစ်ရဲ့ အဓိကကွင်းလယ်လူ ဂျိုရှူအာကင်မစ်ချ်ကို ခေါ်ယူနိုင်ဖို့အတွက် လီဝန်ဒေါစကီးကို ခေါ်ယူခဲ့တုန်းကလိုမျိုး ကြံစည်သွားဖို့ ပြင်ဆင်နေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ ကင်မစ်ချ်ဟာ နာဂယ်လ်စမန်း အထုတ်ခံရပြီးနောက်ပိုင်းကတည်းက အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေကြောင်း သတင်းထွက်နေပါတယ်။



ဒီကစားသမားကို ခေါ်ယူဖို့အတွက် ဘာစီလိုနာက စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ်ဘက်က ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဒီဂျာမနီလက်ရွေးစင် ကွင်းလယ်လူကို ရောင်းချဖို့ အစီအစဥ်မရှိဘူးလို့ သိရှိရပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာကတော့ ကင်မစ်ချ်ကို ခေါ်ယူသွားဖို့ ယုံကြည်မှုအပြည့်ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ကစားသမားအကြား ယူရိုသန်း (၆၀) တန်ကြေးရှိ လျော်ကြေးစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားပါတယ်။ ဘာစီလိုနာဘက်ကတော့ ဒီပမာဏကို ပေးချေနိုင်ခြင်းမရှိသည့်တိုင် လီဝန်ဒေါစကီးကို ခေါ်ယူခဲ့တုန်းကလိုမျိုး ကစားသမားကို စည်းရုံးသိမ်းသွင်းကာ ကစားသမားနဲ့ မိခင်ကလပ်အကြား ပြဿနာဖန်တီးပေးဖို့ ကြံရွယ်ထားပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာတို့ လီဝန်ဒေါစကီးကို ဘိုင်ယန်မြူးနစ် တောင်းဆိုတဲ့ပြောင်းရွှေ့ကြေးထက် လျော့နည်းတဲ့ ပမာဏနဲ့သာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ကစားသမားကိုယ်တိုင်က မိခင်အသင်းနဲ့ ပြဿနာပြန်တက်ခဲ့တဲ့အထိဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ဘိုင်ယန်မြူးနစ်က ရောင်းထုတ်ခဲ့ရတာပါ။

ဒီတစ်ကြိမ်မှာလည်း ဘာစီလိုနာက ငွေသားသီးသန့် ကမ်းလှမ်းမှာမဟုတ်ဘဲ အသင်းအကယ်ဒမီထွက် အန်ဆုဖာတီကို ပြောင်းရွှေ့ကြေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်း ကမ်းလှမ်းမှာဖြစ်ပါတယ်။ ဒါ့အပြင် ကင်မစ်ချ်ကိုယ်တိုင် ဘိုင်ယန်မြူးနစ်ကို ပြန်လည်ဖိအားပေးလာအောင် ဘာစီလိုနာက လုပ်ဆောင်သွားဖွယ်ရှိပြီး ဘိုင်ယန်မြူးနစ်ဘက်က မတတ်သာတဲ့အဆုံး ကစားသမားကို ရောင်းချသွားမယ်လို့ ဘာစီလိုနာက ယူဆထားပါတယ်။

အသက် (၂၈) နှစ်အရွယ်သာရှိသေးတဲ့ ကင်မစ်ချ်ဟာ အလားအလာ အများကြီးရှိသေးတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ လာမယ့်နွေရာသီမှာ ဘတ်စ်ကွက်စ်ကို လက်လွှတ်ရတော့မယ့် ဘာစီလိုနာကလည်း အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် စိတ်ချရတဲ့ ကစားသမားတစ်ယောက်ကို ပြန်လည်ခေါ်ယူလိုနေတာကြောင့် အခုလိုပဲ ကင်မစ်ချ်ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က