ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့တော့မယ့် ဆာဒီယိုမာနေးက ဂျာမန်ကလပ်က သူ့ကိုစိတ်ဝင်စားနေတယ်လို့ အေးဂျင့်က လာရောက်ပြောဆိုချိန်မှာပဲ စိတ်လှုပ်ရှားမိခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ မာနေးဟာ မနေ့က မြူးနစ်ကိုရောက်ရှိနေခဲ့ပြီး ဆေးစစ်မှုနဲ့ စာချုပ်လက်မှတ်ရေးထိုးမယ့် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။
အသက် ၃၀ အရွယ် ဆီနီဂေါတိုက်စစ်မှူးဟာ ဘွန်ဒက်လီဂါထိပ်သီးကလပ်နဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ မာနေးအတွက် နှစ်ဖက်အသင်းကြားမှာ အလုံးစုံသဘောတူညီမှုရရှိထားပြီးဖြစ်ကာ မကြာခင်မှာ အပြောင်းအရွှေ့ကို အပြီးသတ်ကြေညာမှာဖြစ်သလို မာနေးကိုလည်း ဘိုင်ယန်မြူးနစ်အသင်းဂျာစီနဲ့ မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။
မာနေးက "ဘိုင်ယန်မြူးနစ်ရဲ့ ကျနော့်အပေါ်စိတ်ဝင်စားနေမှုကို ကျနော့်အေးဂျင့်က ပထမဆုံးပြောတဲ့အချိန်မှာပဲ ကျနော်စိတ်လှုပ်ရှားခဲ့ပါတယ်၊ ကျနော့်ကိုယ်ကျနော်လည်းပြေးမြင်မိတယ်၊ သူတို့ရဲ့ စီမံကိန်းတွေကို ဘိုင်ယန်က ကျနော့်ကိုပြောပြတဲ့အခါမှာလည်း ချက်ချင်းပဲ ကျနော်ခံစားမှုတွေရခဲ့ပါတယ်၊ ဘိုင်ယန်ရဲ့ အစီအစဉ်တွေမှာ ကျနော့်ကိုယ်ကျနော် တခြားသူတွေထက် ပိုပြီးတော့ မြင်တွေ့ခဲ့ရပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Bleacher Report က ဆိုပါတယ်။
ပြီးခဲ့တဲ့ကာလတွေအတွင်းမှာ လီဗာပူးလ်ရဲ့အဓိကကစားသမားအဖြစ် မာနေးကရပ်တည်နိုင်ခဲ့ပြီး အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ကျန်စာချုပ်သက်တမ်းတနှစ်အလိုမှာ အသင်းကထွက်ခွာဖို့ မာနေးက ဆုံးဖြတ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ သဘောတူညီမှုရယူနိုင်ခဲ့ကာ သူ့ရဲ့ကစားသမားဘ၀မှာ နောက်ထပ်စွန့်စားခန်းတွေကို စတင်တော့မှာလည်းဖြစ်ပါတယ်။