ဘိုင်ယန်အတွက် အဒီဟက်တာက နတ်ဆိုးတကောင်ဖြစ်နေပါပြီ။

ဘိုင်ယန်မြူးနစ်တို့ကတော့ နှစ်သစ်မှာပဲ ရှုံးပွဲနဲ့ စတွေ့သွားခဲ့ပါပြီ။ ဒီရာသီမှာ သူတို့အတွက် ဘွန်ဒက်လီဂါမှာ ၃ ပွဲမြောက်အရေးနိမ့်မှုဖြစ်ပြီး ဒေါ့မွန်ကို ၉ မှတ်ဖြတ်ထားနိုင်ထားရာကနေ ဒီနေ့မှာသာ ပြိုင်ဘက်က နိုင်ခဲ့မယ်ဆိုရင်တော့ ၆ မှတ်သာ ကွာဟတော့မှာပါ။ ဘိုင်ယန်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ဂလာဘတ်ကို ဦးဆောင်ခဲ့တာကတော့ နည်းပြအဒီဟက်တာပဲဖြစ်ပါတယ်။ 

အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဩစတြီးယားလူမျိုးနည်းပြက ဒီရာသီမှာ ဘိုင်ယန်ကို ၂ ကျော့စလုံးမရှုံးနိမ်ခဲ့တာဖြစ်ပါတယ်။ ပထမအကျော့မှာသရေကျခဲ့ပြီး ပိုကယ်ဖလားမှာလည်း ၅-၀ ဆိုတဲ့ ဂိုးပြတ်ရလဒ်ဖြစ်ပြီး မြူးနစ်မှာပါ ထပ်မံအနိုင်ယူခဲ့လို့ ဘိုင်ယန်အတွက်တော့ သူက နတ်ဆိုးတကောင်ဖြစ်လာခဲ့ပါတယ်။ ဖရန့်ဖတ်နည်းပြဘ၀မှာတုန်းကလည်း ဘိုင်ယန်ကို ၅-၁ နဲ့ နိုင်ပွဲရအောင် သူ စွမ်းဆောင်နိုင်ခဲ့ပါသေးတယ်။ 

လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ဘိုင်ယန်မြူးနစ်က ဟက်တာနဲ့တွေ့တိုင်းမှာ အလဲလဲအကွဲကွဲဖြစ်နေရတာပါ။ ဘိုင်ယန်နည်းပြနာဂယ်စမန်းကလည်း ဟက်တာနဲ့တွေ့ခဲ့တဲ့ မှတ်တမ်းတွေမှာ ရှုံးပွဲကပိုများနေပြီး သူ့အတွက် ခက်ခဲတဲ့ ပြိုင်ဘက်နည်းပြတဦးအဖြစ် ရှိနေခဲ့ပြီး ဝါးနုက ဝါးရင့်ကိုပတ်လို့မရဘူးဆိုတဲ့ စကားအတိုင်း ဖြစ်နေခဲ့ပါတယ်။ 

တကယ်ဆိုရင် ဂလာဘတ်က ဒီရာသီမှာ အခြေအနေကောင်းမွန်တဲ့ အသင်းမဟုတ်ပါဘူး။ အမှတ်ဇယားအလယ်မှာရှိနေတဲ့အသင်းဖြစ်ပြီး ဘိုင်ယန်နဲ့ပွဲမတိုင်ခင် ကစားခဲ့တဲ့ ၄ ပွဲဆက်တိုက် နိုင်ပွဲမဲ့ခဲ့ပြီး ၃ ပွဲဆက်တိုက်အရေးနိမ့်ထားခဲ့တာပါ။ ဘိုင်ယန်မှာ ကိုဗစ်ပြသနာ၊ ဒဏ်ရာရကစားသမားတွေ များပြားနေချိန်မှာ သူက အခွင့်အရေးကို အရယူပြီး ဂျာမနီရဲ့အကောင်းဆုံးအသင်းကို အဝေးကွင်းမှာ အလဲထိုးခဲ့တာလည်းဖြစ်ပါတယ်။ 

ဘွန်ဒက်လီဂါ ၊ ချန်ပီယံလိဂ်မှာ ပြိုင်ဘက်တွေကို ပြတ်ပြတ်သားသားနဲ့ အနိုင်ကစားပြီး ရက်ရက်စက်စက်ချေမှုန်းနေတဲ့ ဘိုင်ယန်တို့ ဒီရာသီမှာ ဂလာဘတ်ကို အနိုင်မရတဲ့မှတ်တမ်းကို ပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။ အဒီဟက်တာကတော့ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် ဘိုင်ယန်ဆိုရင် လာခဲ့ကွာလို့တောင် လက်ခမောင်းခတ်နေနိုင်ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က