ဗီလာရီးရဲလ်နည်းပြ အူနိုင်းအမ်မရီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ရရှိခဲ့ပေမယ့် ဒီရလဒ်က လုံလောက်မှုမရှိသေးဘူးလို့ အသင်းသားတွေကို သတိပေးခဲ့ပါတယ်။ ဒီပွဲမှာ ဗီလာရီးရဲလ်က ပွဲကစားချိန် (၇) မိနစ်မှာရရှိခဲ့တဲ့ ဒီဂျန်မာရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဗီလာရီးရဲလ်အနေနဲ့ နောက်ထပ်ဂိုးရဖို့ အခွင့်အရေးတွေရှိခဲ့ပေမယ့် ကိုကွီလင်ရဲ့ သွင်းဂိုးကို VAR နဲ့ ပယ်ဖျက်ခဲ့တာအပါအဝင် ပွဲပြီးခါနီးရရှိခဲ့တဲ့ အခွင့်အရေးတချို့ကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့မှာလည်း ဆဲလ်ဘာ့ဂ်ကွင်းမှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယအကျော့ အိမ်ကွင်းအရောက်မှာတော့ ပထမပိုင်းမှာတင် ဂိုးပြတ်အနိုင်ရရှိကာ နောက်တဆင့်အတွက် သေချာသလောက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အူနိုင်းအမ်မရီက ဘိုင်ယန်မြူးနစ်ကို တဂိုးတည်းကပ်နိုင်ခဲ့တာက လုံလောက်မှုမရှိသေးဘူးလို့ ယူဆနေတာပါ။
အူနိုင်းအမ်မရီက “ဒုတိယဂိုးသွင်းတဲ့အချိန်မှာ လူကျွံနေခဲ့တာက ပွဲရဲ့အစိတ်အပိုင်းတခုပါပဲ။ နောက်ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ပါလျက်နဲ့ ဂိုးမသွင်းနိုင်ခဲ့တာကလည်း ပွဲတပွဲမှာ မြင်တွေ့နေကျ အစိတ်အပိုင်းဖြစ်ပါတယ်။ ဘာဖြစ်ခဲ့မယ်၊ ဘာဖြစ်နိုင်တယ်ဆိုတာကို ခင်ဗျား ကြိုတင်စဥ်းစားနေလို့မရပါဘူး။ ရလဒ်က ၁-၀ ဂိုးပါ”
“ဒါကောင်းမွန်တဲ့ ရလဒ်တခုပါ။ ဒါပေမယ့် လော့ဂျစ်ကျကျကြည့်ရင်တော့ မလုံလောက်သေးပါဘူး။ ထပ်ကြုံတွေ့ရမယ့် အခက်အခဲက ပိုမိုကြီးမားပါတယ်။ သူတို့က ရေပန်းစားနေတဲ့အသင်းတသင်းပါ။ ရှုံးတယ်ဆိုတာ သူတို့အတွက် သာမန်ကိစ္စမဟုတ်ပါဘူး။ နောက်ထပ် မိနစ် (၉၀) ကျန်ပါသေးတယ်။ ကျနော်တို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ အန္တရာယ်လည်းများနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။