မာနေးကို ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်နိုင်မလားလို့ သတင်းထောက်တွေက မေးမြန်းခဲ့တာပါ။

လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တိုက်စစ်ကစားသမား မာနေးဟာ အသင်းသစ်ကို ရောက်လို့ သွေးမပူခင်မှာတင် ချန်ပီယံလိဂ်ဖလားနဲ့ ပတ်သက်လို့ ဖွင့်ဟလာခဲ့ပါတယ်။ ဒီကစားသမားဟာ မနေ့က မြူးနစ်မြို့မှာ ဆေးစစ်မှု ခံယူခဲ့ပြီးပါပြီ။



မာနေးအနေနဲ့ ဒီကနေ့မှာ ဘိုင်ယန်မြူးနစ်အိမ်ကွင်း အလိုင်းယန့်ဇ်အရီနာကွင်းကြီးထဲ အသင်းသစ်နဲ့မိတ်ဆက်ပွဲပြုလုပ်မှာပါ။ ဒီလိုမျိုး မာနေးက ဂျာမန်သတင်းထောက်တွေရဲ့ မျက်စိကျစရာဖြစ်နေပြီး သူ့အနေနဲ့ ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်ပေးနိုင်မလားလို့ မေးမြန်းခဲ့ပါတယ်။ မာနေးက “ဒါကို ကျနော် ဘယ်ငြင်းဆန်နိုင်ပါ့မလဲ”

“ကလေးငယ်တိုင်း၊ ကမ္ဘာပေါ်က ကစားသမားတိုင်းက ချန်ပီယံလိဂ်ဖလားကြီးကို လိုချင်ကြပါတယ်။ ကျနော်က အခုလည်း အရမ်းအရမ်းကိုမှ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်းတသင်းကို ရောက်ရှိနေတာပါ။ ဒါပေမယ့် လတ်တလောမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြောင်းပြောဖို့က စောလွန်းပါသေးတယ်။ ကျနော်တို့ တပွဲတောင် အတူတူမကစားရသေးပါဘူး”

“ဒါပေမယ့် ကျနော်တို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်အောင် အရာအားလုံးကို ပေးဆပ်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ အသက် (၃၀) အရွယ် မာနေးဟာ ပြီးခဲ့တဲ့ (၂၀၁၉) မှာ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မာနေးဟာ လီဗာပူးကစားသမားဘဝမှာ မရဖူးတဲ့ ဆုဖလားမရှိခဲ့ဖူးလို့တောင်ဆိုရမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်မှာရော အောင်မြင်ဦးမလား စိတ်ဝင်တစား စောင့်ကြည့်ရတော့မှာပါ။ 

Share

က္က