မန်စီးတီးကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့တော့မယ့် ညာနောက်ခံလူ ကိုင်လီဝေါ်လ်ကာနဲ့ ပတ်သက်လို့ အသင်းတွင်းမှာ မကျေနပ်မှုတွေရှိနေပြီး မူလာ၊ နူအာတို့က ဒီမကျေနပ်ချက်တွေကို အဓိကဦးဆောင်နေတယ်လို့ သိရှိရပါတယ်။ ဝေါ်လ်ကာဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်နေပြီး ဆွေးနွေးမှုတွေကလည်း အဆင်ပြေနေပါတယ်။
အသက် (၃၃) နှစ်အရွယ် ဝေါ်လ်ကာကို ဘိုင်ယန်မြူးနစ်တို့ (၂) နှစ် စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်ထားပြီး နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်းတိုးခွင့်လည်း ပါဝင်နေတယ်လို့ သိရှိရပါတယ်။ ဝေါ်လ်ကာဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးသည့်တိုင် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်ခွင့်မရတဲ့နောက် အသင်းကို စွန့်ခွာဖို့ ပြင်ဆင်နေတာပါ။
ဒါပေမယ့် ဝေါ်လ်ကာကို ဘိုင်ယန်မြူးနစ်တို့ ခေါ်ယူဖို့ ကြိုးစားနေတဲ့အပေါ် နူအာ၊ မူလာတို့ ဦးဆောင်တဲ့အဖွဲ့က မကျေမနပ်ဖြစ်နေပြီး အသင်းရဲ့ပေါ်လစီကို ဝေါ်လ်ကာအတွက် အပြောင်းအလဲလုပ်ခဲ့တယ်လို့ ယူဆနေပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ အသက် (၃၀) ကျော် ကစားသမားတွေကို တစ်နှစ်ချင်းစီသာ စာချုပ် ချုပ်ဆိုလေ့ရှိပြီး ဝေါ်လ်ကာကိုတော့ နှစ်နှစ် စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်ထားတာပါ။
နူအာ၊ မူလာတို့နှစ်ယောက်ကလည်း (၂၀၂၄) ခုနှစ်အထိသာ အသင်းနဲ့ စာချုပ်သက်တမ်း ချုပ်ဆိုထားပြီး ဝေါ်လ်ကာသာ အသင်းကို ရောက်လာခဲ့မယ်ဆိုရင် သူ့ရဲ့ စာချုပ်သက်တမ်းက (၂၀၂၆) ခုနှစ်အထိ အနိမ့်ဆုံး သက်တမ်းရှိနေမှာဖြစ်ပါတယ်။ မူလာ၊ နူအာတို့နှစ်ယောက်ဟာ ဘိုင်ယန်မြူးနစ်ရဲ့ ဝါရင့် ကစားသမားကြီးတွေလည်းဖြစ်ကြပါတယ်။
မူလာဟာဆိုရင် ဘိုင်ယန်မြူးနစ် အကယ်ဒမီထွက် ကစားသမားတစ်ယောက်လည်းဖြစ်ပြီး နူအာကလည်း (၂၀၁၁) ခုနှစ်ကတည်းက အသင်းကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အသင်းရဲ့ ဝါရင့် ကစားသမားတွေကို စာချုပ်သက်တမ်း တစ်နှစ်သာ ချုပ်ဆိုပြီး နောက်မှရောက်လာတဲ့ ဝေါ်လ်ကာကို စာချုပ်သက်တမ်း (၂) နှစ် ချုပ်ဆိုစေတာက ဘိုင်ယန်မြူးနစ်ရဲ့ အဝတ်လဲခန်းအတွင်း မကျေနပ်ချက်ကို ကြီးထွားလာစေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။