ဒီနေ့မှာ ၁၆ သင်းအဆင့် ဒုတိအကျော့ကို ကစားရတော့မှာပါ။

ဘိုင်ယန်မြူးနစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲမှာ ပြိုင်ဘက်ကို ပြိုင်ပွဲကနေ ထွက်ခွာနိုင်အောင် လုပ်နိုင်တ​ဲ့ အစွမ်အစမျိုး ပီအက်စ်ဂျီမှာ ရှိတယ်လို့ လီယွန်နယ်မက်ဆီက ပြောဆိုလိုက်ပါတယ်။ ပထမအကျော့တုန်းက အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့ ပီအက်စ်ဂျီဟာ အဝေးကွင်းမှာ မဖြစ်မနေနိုင်ပွဲရအောင် ကစားရတော့မှာလည်းဖြစ်ပါတယ်။ 

ဒီပွဲမှာ ပီအက်စ်ဂျီအတွက် အားထားရတဲ့ နေမာကလည်း ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။ နေမာကတော့ လိုင်လီနဲ့ပွဲမှာရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသရမှာဖြစ်ပြီး ရာသီကုန်အထိ အနားယူရမှာဖြစ်ပါတယ်။ ဒါကြောင့် မက်ဆီနဲ့ ဘတ်ပီတို့ကိုသာ ပီအက်စ်ဂျီက အားကိုးရတော့မှာဖြစ်ပြီး သူတို့ရဲ့ ချန်ပီယံလိဂ်မျှော်လင့်ချက်တွေကို အသက်သွင်းနိုင်မလား စောင့်ကြည့်ရတော့မှာပါ။ 

မက်ဆီက PSG TV ကနေ ပြောဆိုခဲ့ရာမှာတော့ "အသေးစိတ်အချက်လေးတွေနဲ့ပါ ဆုံးဖြတ်ရမယ့် ခက်ခဲတဲ့ ပွဲတပွဲပါ၊ ဘိုင်ယန်ကွင်းမှာ အနိုင်ရဖို့က အရမ်းခက်ခဲပါတယ်၊ ဒါပေမယ့် ကျနော်တို့ ကောင်းကောင်းပြင်ဆင်ထားပြီး အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ လုပ်နိုင်စွမ်းရှိတယ်လို့ ထင်ပါတယ်၊ ဒီရည်ရွယ်ချက်နဲ့ မ​ြူးနစ်ကို သွားမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ 

တဖက်မှာ ဘိုင်ယန်မြူးနစ်က ပထမအကျော့ကိုအနိုင်ရထားသလို ဒုတိယအကျော့ကို အိမ်ကွင်းမှာကစားရမှာဖြစ်လို့လည်း သူတို့အတွက် ကြီးမားတဲ့အခွင့်အရေးကို ရရှိနေပါတယ်။ လက်ရှိမှာ ဘိုင်ယန်က ဘွန်ဒက်လီဂါမှာလည်း နိုင်ပွဲတွေဆက်တိုက်ပြန်ရနေပြီး ခြေစွမ်းပြနေလို့ ပီအက်စ်ဂျီအတွက်တော့ ဒီပွဲက တကယ်ကို ကြီးမားတဲ့စမ်းသပ်မှုတခုနဲ့ ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ 


မက်ဆီကတော့ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၈ ဂိုးသွင်းယူကာ ဖန်တိးမှု ၁၆ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။ ဘတ်ပီကတော့ ဂိုးပေါင်း ၃၀ အထိ ရရှိထားကာ ဖန်တိးမှု ၈ ကြိမ်ပြုလုပ်ထားပါတယ်။ 

Share

က္က