အင်္ဂလန်နဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စွဲမက်လောက်စရာ အပိုဆုကြေးကို ရရှိဖို့ နီးစပ်နေပြီလို့ သိရှိရပါတယ်။ သူဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကစားသမားပါ။
စပါးမှာ ဆုဖလားတွေနဲ့ လွဲချော်ခဲ့တဲ့နောက် ဟယ်ရီကိန်းက သူ့ရဲ့ ကစားသမားဘဝမှာ အသင်းလိုက်အောင်မြင်မှုရရှိဖို့အတွက် အခုလိုပဲ နယ်မြေသစ်ကို ခြေဆန့်လာခဲ့တာပါ။ ဘိုင်ယန်မြူးနစ်မှာတော့ ဒီကစားသမားက တစ်ပတ်လုပ်ခ ပေါင် (၄) သိန်းအထိ ရရှိနေပါတယ်။
ဒါ့အပြင် အသင်းသစ်မှာ ဟယ်ရီကိန်းရဲ့ ဂိုးသွင်းနှုန်းက မလျော့ကျသွားဘဲ ဂိုးဖန်တီးမှုတွေပါ ဆက်တိုက် ပြုလုပ်လာနိုင်ပါတယ်။ အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်ကြီးက အသင်းအတွက် ပြိုင်ပွဲစုံမှာ (၂၁)ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှုလည်း (၇) ကြိမ် ပြုလုပ်ပေးထားပါတယ်။
ဒါ့အပြင် ဟက်ထရစ်ကလည်း (၃) ကြိမ်အထိ ရရှိထားပြီးဖြစ်ပြီး အသင်းရဲ့ သွင်းဂိုးတွေအတွက် စုစုပေါင်း (၂၈) ကြိမ်အထိ ပါဝင်ပတ်သက်ထားတာပါ။ ဟယ်ရီကိန်းနဲ့ ဘိုင်ယန်မြူးနစ်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ထဲမှာ ဟယ်ရီကိန်းအနေနဲ့ အသင်းအတွက် ဂိုးသွင်း၊ ဂိုးဖန်တီးမှု အကြိမ် (၄၀) နဲ့အထက်ရှိခဲ့ရင် အပိုဆုကြေး ရရှိမယ့် အချက်လည်း ပါဝင်ပါတယ်။
ဒီအတွက် ဟယ်ရီကိန်းက အပိုဆုကြေး ယူရို (၂) သိန်းခွဲအထိ ရရှိမှာဖြစ်ပါတယ်။ ဒီဆုကြေးကို ရရှိဖို့အတွက်လည်း ဟယ်ရီကိန်းအနေနဲ့ နောက်ထပ် ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၃) ကြိမ် ပြုလုပ်နိုင်ဖို့ လိုအပ်တော့တာဖြစ်ကြောင်း ဂျာမန်အခြေစိုက်သတင်းဌာနက ဖော်ပြထားပါတယ်။