ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒါကြောင့် မနေ့ညက ဝုလ်ဖ်ဘတ်နဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲက လီဝန်ဒေါစကီးအတွက် ဘိုင်ယန်မြူးနစ်ကစားသမားဘဝ နောက်ဆုံးပွဲဖြစ်လာနိုင်ပါတယ်။
ဒီအကြောင်းကို လီဝန်ဒေါစကီးကလည်း အတည်ပြုထားသလို ဘိုင်ယန်မြူးနစ်ဒါရိုက်တာ ဆာလီဟာမစ်ဇစ်ကလည်း အတည်ပြုပေးခဲ့ပြီဖြစ်ပါတယ်။ အသက် (၃၃) နှစ်အရွယ် လီဝန်ဒေါစကီးရဲ့ စာချုပ်သက်တမ်းက (၂၀၂၃) ဇွန်မှ ကုန်ဆုံးမှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လီဝန်ဒေါစကီးက အတွေ့အကြုံအသစ်၊ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေလိုပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ရေပန်းစားနေတယ်လို့ သိရှိရပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ လီဝန်ဒေါစကီးအတွက် ယူရိုသန်း (၃၀) နဲ့ သန်း (၄၀) အကြား ရရှိရင် ရောင်းချသွားဖွယ်ရှိပါတယ်။
မနေ့က ဝုလ်ဖ်ဘတ်နဲ့ပွဲမှာ လီဝန်ဒေါစကီးက အသင်းအတွက် တဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ တဖက်နှစ်ဂိုးစီသရေကျခဲ့ပါတယ်။ ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ်ကစားသမားတွေက အဝေးကွင်းကို လိုက်ပါအားပေးတဲ့ ဘိုင်ယန်မြူးနစ်ပရိသတ်တွေဆီ သွားရောက်နှုတ်ဆက်ခဲ့ပါတယ်။ ဒီလိုမျိုး နှုတ်ဆက်နေချိန်မှာ လီဝန်ဒေါစကီးတယောက် မျက်ရည်တွေဝဲနေခဲ့တာကိုလည်း ရုပ်သံမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။
လီဝန်ဒေါစကီးနဲ့ သီယိုဟာနန်ဒက်ဇ်တို့ နှုတ်ဆက်ပြီးတဲ့နောက် မူလာက လီဝန်ဒေါစကီးဘေးနားကို ရောက်လာခဲ့ပြီး စကားအနည်းငယ်ပြောကာ နှစ်သိမ့်သွားခဲ့ပါတယ်။ မူလာထွက်သွားပြီးချိန်မှာလည်း လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်ပရိသတ်တွေနဲ့အတူ ဆက်ရှိနေခဲ့ပြီး လက်ခုပ်တီးနှုတ်ဆက်ခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်ရဲ့ အဓိကဂိုးသွင်းစက်အဖြစ် ကာလရှည်ရပ်တည်ခဲ့ပြီး သူ့ရဲ့ဘိုင်ယန်မြူးနစ် ကစားသမားဘဝ (၈) နှစ်တာက ဂုဏ်ယူစရာတွေနဲ့ပဲ ပြည့်နှက်နေခဲ့ပါတယ်။ ပရိသတ်တွေကတော့ “မသွားပါနဲ့ဦးကွာ။ ငါတော့ အဆင်သင့်မဖြစ်သေးဘူး” “လီဝန်ဒေါစကီး သေချာပေါက် ထွက်သွားတော့မှာပါ” “သူပရိသတ်တွေကို နှုတ်ဆက်သွားပြီဆိုတာ သေချာပါတယ်” လို့ အသီးသီးမှတ်ချက်ပြုခဲ့ကြပါတယ်။