တစ်ပွဲသာ ကျန်တော့ချိန်မှာ ဒေါ့မွန်တို့ ဇယားထိပ်ကို တက်လှမ်းနိုင်ခဲ့ပါပြီ။

ဒေါ့မွန်ကတော့ အဝေးကွင်းမှာ အော့စ်ဘတ်ကို အနိုင်ယူပြီး လက်ကျန်တစ်ပွဲသာ ကျန်ရှိတော့ချိန်မှာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မနေ့က ဘိုင်ယန်မြူးနစ်ရဲ့ရှုံးပွဲကြောင့် ဒေါ့မွန်တို့အတွက် ချန်ပီယံဆုကိုသာ လိုချင်ရင် ဒီပွဲက မဖြစ်မနေ သေချာပေါက် အနိုင်ကန်ရမယ့်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။



အော့စ်ဘတ်ကလည်း ပွဲကစားချိန် (၃၈) မိနစ်ကတည်းက တစ်ယောက်လျော့သွားခဲ့တာကြောင့် ဒေါ့မွန်တို့အတွက် တစ်ဖက်သတ် အသာစီးယူကစားနိုင်ခဲ့ပြီး အော့စ်ဘတ်ကတော့ ဂိုးပြတ်မရှုံးရေးကိုပဲ ဦးတည်ကစားခဲ့ရပါတယ်။ ‌ဒေါ့မွန်အတွက် ဦးဆောင်ဂိုးကို ဟော်လာက ထောင့်ဖြတ်အနေအထားကနေ ကန်သွင်းယူခဲ့ပါတယ်။

အဲ့ဒီနောက် လူစားဝင်လာတဲ့ မာကိုရူးစ်ရဲ့ ကန်ချက်ကို ပြိုင်ဘက်ဂိုးသမား ပုတ်ထုတ်တာကတစ်ဆင့် ပြန်ထွက်လာတဲ့ ဘောလုံးကို ဟော်လာကပဲ လွတ်လွတ်ကျွတ်ကျွတ် ထပ်မံ အဆုံးသတ်ကာ ဒေါ့မွန်တို့ အနိုင်သေချာသွားခဲ့ပါတယ်။ ဟော်လာကတော့ ဒီရာသီအစောပိုင်းမှာ ဝှေးစေ့ကင်ဆာရောဂါကို အနိုင်တိုက်ခဲ့ရပြီး အခုချိန်မှာလည်း အသင်းကို ချန်ပီယံဆုနဲ့ အနီးဆုံးဆီ ပို့ပေးနိုင်ဖို့ သွင်းဂိုးတွေနဲ့ ထပ်မံကူညီခဲ့တာပါ။

ဒါ့အပြင် အသင်းခေါင်းဆောင် ‌မာကိုရူးစ်အတွက်လည်း သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ပထမဆုံး ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ကိုင်မြှောက်နိုင်ဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပွဲသိမ်းဂိုးကိုတော့ ဂျူလီယန်ဘရန့်တ်က သွင်းယူပေးခဲ့ပြီး ဒေါ့မွန်တို့ အ‌ဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ ဂိုးပြတ်နိုင်ခဲ့တာပါ။ ဘိုင်ယန်မြူးနစ်ဟာ ဒီတစ်ပတ်မတိုင်ခင်အထိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားကို ဦးဆောင်ခဲ့ပေမယ့် စနေညက လိုက်ပ်ဇစ်ကို အရေးနိမ့်ခဲ့တာကြောင့် အခုလိုမျိုးပဲ ရာသီသိမ်းခါနီးမှ အမှတ်ပေးဖလားနဲ့ လွဲချော်မယ့်ကိန်းဆိုက်လာခဲ့တာပါ။

လက်ရှိအမှတ်ပေးဇယားရပ်တည်မှုအရ ဒေါ့မွန်က ရမှတ် (၇၀) ရရှိထားပြီး ဘိုင်ယန်မြူးနစ်ကတော့ ရမှတ် (၆၈) မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ လာမယ့်အပတ်မှာတော့ ဘွန်ဒက်စ်လီဂါရာသီသိမ်းပွဲစဥ်တွေအဖြစ် ဒေါ့မွန်က အိမ်ကွင်းမှာ မိန့်ဇ်၊ ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ ကိုလုံးတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒေါ့မွန်သာ အမှားအယွင်းမရှိခဲ့ရင် သူတို့အတွက် ဘွန်ဒက်စ်လီဂါချန်ပီယံဆုကြီးကို ကိုင်မြှောက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က