Bleacher Report ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီတိုက်စစ်မှူးကြီး လီယွန်နယ်မက်ဆီဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကစားရမယ့် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲ ပထမအကျော့ကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဒီပွဲကို အခြားတိုက်စစ်မှူးဖြစ်တဲ့ ဘတ်ပီလည်း ပါဝင်နိုင်မှာ မဟုတ်လို့ ပီအက်စ်ဂျီအတွက်တော့ ဒါဟာ တော်တော်လေးစိုးရိမ်စရာကောင်းတဲ့ အနေအထားဖြစ်လာခဲ့ပါပြီ။
မာဆေးလ်ကို အရေးနိမ့်ခဲ့တဲ့ ပြင်သစ်လိဂ်ဖလား ၁၆ သင်းအဆင့်ပွဲမှာ မက်ဆီက တံကောက်ကြောဒဏ်ရာရရှိခဲ့လို့ ပြင်သစ်သတင်းစာ L'equipe က ဖော်ပြခဲ့ပါတယ်။ အဆိုပါဒဏ်ရာသာ သက်သာမှုနှေးကွေးခဲ့မယ်ဆိုရင် ဘိုင်ယန်နဲ့ပွဲအတွက် ပီအက်စ်ဂျီဟာ မက်ဆီကိုရော၊ ဘတ်ပီကိုပါ လက်လွှတ်ရတော့မှာဖြစ်ပြီး သူတို့ရဲ့ ချန်ပီယံလိဂ်ခရီးလမ်းကြောင်းက စောစောစီးစီးပဲ အဆုံးသတ်သွားတာမျိုးကိုပါ ရင်ဆိုင်ရနိုင်ပါတယ်။
ဒီရာသီမှာ မက်ဆီက အသင်းအတွက် ခြေစွမ်းပြကစားပေးနေသူတဦးဖြစ်ပြီး ပြိုင်ပွဲစုံ ၂၅ ပွဲမှာ ၁၅ ဂိုးသွင်း၊ ၁၄ ကြိမ်အထိ ဖန်တီးပေးထားသူဖြစ်ပါတယ်။ ဒီပွဲကို မက်ဆီလွဲချော်မှာနဲ့ ပတ်သက်ပြီး ဘိုင်ယန်ပရိသတ်တွေကတော့ လှောင်ပြောင်မှုတချို့ပြုလုပ်နေကာ သူတို့အသင်းနဲ့ ရင်ဆိုင်ရမှာမို့လို့ မက်ဆီက ဒဏ်ရာရသွားတာလားလို့ မေးခွန်းထုတ်နေကြပါတယ်။
ဘာစီလိုနာကစားသမားဘ၀မှာ မက်ဆီက ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ခဲ့ဖူးပြီး ဆိုးရွားလှတဲ့ ရှုံးပွဲတွေကို ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဘိုင်ယန်နဲ့ အခုလိုပြန်ရင်ဆိုင်ရမှာကို ကြောက်ရွံ့နေလို့ ဒဏ်ရာရသွားတာလားလို့ လှောင်ပြောင်နေကြတာလည်းဖြစ်ပါတယ်။ ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းက ဘာကာနဲ့ ဘိုင်ယန်တို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ခဲ့ကြရပြီး နူးကမ့်မှာ ဘိုင်ယန်က ၈ ဂိုးအထိသွင်းကာ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။
မက်ဆီရဲ့ ဒဏ်ရာအနေအထားကိုတော့ စောင့်ကြည့်နေရဆဲလို့သိရပြီး သူ ပါဝင်ကစားပေးနိုင်ဖို့ကတော့ မသေမချာဖြစ်နေတုန်းပါပဲ။ ပီအက်စ်ဂျီကတော့ အသင်းခြေစွမ်းပိုင်းကျဆင်းလာချိန်မှာ ဘိုင်ယန်နဲ့ ကစားဖို့ရှိနေတဲ့အပြင် အဓိကကစားသမားတွေပါအနားယူရမယ်ဆိုရင်တော့ ဘိုင်ယန်ကိုကျော်ဖြတ်ဖို့က အရမ်းခက်ခဲသွားမှာလည်းဖြစ်ပါတယ်။